နိုင်ငံရေးဆွေးနွေးပွဲများတွင် အစုအဖွဲ့တစ်ဖွဲ့တည်း၏ မူဝါဒ၊ ရပ်တည်ချက်များအပေါ် ဖက်တွယ်မထားဘဲ အပေးအယူ အလျှော့အတင်းများဖြင့် စေ့စပ်ညှိနှိုင်းပြီး ကွဲလွဲမှုများကို ကျော်လွှားကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

နိုင်ငံရေးဆွေးနွေးပွဲများတွင် အစုအဖွဲ့တစ်ဖွဲ့တည်း၏ မူဝါဒ၊ ရပ်တည်ချက်များအပေါ် ဖက်တွယ်မထားဘဲ အပေးအယူ အလျှော့အတင်းများဖြင့် စေ့စပ်ညှိနှိုင်းပြီး ကွဲလွဲမှုများကို ကျော်လွှားကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
Published 12 July 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် အဖွင့်အမှာစကား ပြောကြားစဉ်

နိုင်ငံရေးဆွေးနွေးပွဲများ၊ စကားဝိုင်းများတွင် ဖြစ်ပေါ်နေသော ကွဲလွဲမှုများနှင့် ပတ်သက်၍ ဆွေးနွေးဖက်အစုအဖွဲ့ အသီးသီး အနေဖြင့် ဘက်တစ်ဘက်၊ အစုအဖွဲ့တစ်ဖွဲ့တည်း၏ မူဝါဒများ၊ ရပ်တည်ချက်များအပေါ် ဖက်တွယ်မထားဘဲ အားလုံးညှိနှိုင်းပြီး အပေးအယူ အလျှော့အတင်းများဖြင့် စေ့စပ်ညှိနှိုင်း၍ ကွဲလွဲမှုများကို ကျော်လွှားကြရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ဇူလိုင် ၁၁ ရက်က ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ၎င်းက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

“ပိုမိုကွဲလွဲစေနိုင်တာကို သတိထား ရှောင်ရှားပြီး ပိုမိုဆုံစည်း၊ ပိုမိုစုစည်းစေနိုင်မယ့် အခြေအနေတွေကို ဦးတည်ပြီးတော့ အားလုံးလက်ခံနိုင်တဲ့ အဖြေတစ်ခုကို ဝိုင်းဝန်းကြိုးစား ရှာဖွေပေးကြဖို့၊ အနာဂတ်မှာဖြစ်ပေါ်လာမယ့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို မျှော်မှန်းပြီး ဘက်တစ်ဘက်တည်း၊ အစုအဖွဲ့တစ်ဖွဲ့တည်းရဲ့ မူဝါဒတွေ၊ ရပ်တည်ချက်တွေအပေါ်မှာပဲ ဖက်တွယ်မထားဘဲ အားလုံးနဲ့ညှိနှိုင်းပြီး အပေးအယူ အလျှော့အတင်းတွေနဲ့ စေ့စပ်ညှိနှိုင်းပြီးတော့ ကွဲလွဲမှုတွေကို ကျော်လွှားနိုင်ဖို့ အလေးထား တိုက်တွန်း ပြောကြားလိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အရေးအကြီးဆုံးမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အရ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ်များ၊ နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်များကို အထူးအလေးထား အာရုံစိုက်ပြီး အစုအဖွဲ့ အသီးသီးက ကြိုးပမ်းဆောင်ရွက်နေကြချိန်တွင် ပဋိပက္ခဒေသရှိ တိုင်းရင်းသား ပြည်သူလူထု၏ ဒေသဖွံ့ဖြိုးရေး၊ လူမှုစီးပွားအခြေအနေ တိုးတက်ဖွံ့ဖြိုးရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရန် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများမှတစ်ဆင့် ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က အသိပေး ပြောကြားသည်။

အားလုံးက လက်တွဲပူးပေါင်းပြီး လျှောက်လှမ်းကြမည်ဟု စိတ်ပိုင်းဖြတ် သန္နိဋ္ဌာန်ချထားပြီးဖြစ်သည့်အတွက် ရှေ့ဆက်လျှောက်လှမ်းကြရာတွင် တစ်ဦးနှင့်တစ်ဦး ရိုင်းပင်း ကူညီရန် အရေးကြီးပြီး ပန်းတိုင်တူ၊ လမ်းကြောင်းတူနေပြီဖြစ်သည့် ယခုအချိန်တွင် တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသကဲ့သို့ ဝိဝါဒကွဲပြားစရာ အဖြေရှာမှုများ ထွေပြားလာမည်ဆိုပါက အားလုံးမျှော်မှန်းထားသည့် ရလဒ်နှင့် ဝေးကွာလာနိုင်သည်ကို အထူးသတိပြုကြရမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“အားလုံး ညှိနှိုင်းလက်ခံပြီးတဲ့နောက်မှာ အခုတစ်မျိုး၊ တော်ကြာတစ်မျိုး အနေအထားတွေ မကြာခဏ ဖြစ်ပေါ်လာရင် ယုံကြည်မှုတွေ ပျက်ပြားသွားစေနိုင်သလို ငါ့မြင်းငါစိုင်းဆိုတဲ့ အခြေအနေတွေနဲ့လည်း ကြုံတွေ့လာရနိုင်ပါတယ်။ ငြိမ်းချမ်းရေးဟာ ဖိအားပေးပြီး ရယူနိုင်တာမျိုးမဟုတ်ဘဲ နားလည်မှု၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ကြရတာမျိုး ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမှောင်ထုကို အမှောင်ထုဖြင့် ဖြိုခွင်းနိုင်မည်မဟုတ်ဘဲ အလင်းတန်းဖြင့်သာ ဖြိုခွင်းဖယ်ရှားနိုင်မည်ဖြစ်ပြီး NCA တွင် ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော အင်အားစုများ၊ ပုဂ္ဂိုလ်များအနေဖြင့် ပြည်ထောင်စုအပေါ် သစ္စာစေတနာ စောင့်သိကာ ပါဝင်လာရန် ၎င်းက ဖိတ်ခေါ်ခဲ့သည်။

လက်ရှိအချိန်သည် အားလုံးသိကြသည့်အတိုင်း နိုင်ငံတကာနှင့် ဒေသတွင်း ဆက်ဆံရေး အခြေအနေများအရ မြန်မာနိုင်ငံအနေဖြင့် ပြည်ထောင်စုတိုင်းရင်းသားများအားလုံး စုပေါင်းညီညွတ်စွာ နေထိုင်နိုင်သည်ဆိုသည်ကို ပြသနိုင်ရန် အထူးလိုအပ်နေပြီး နှစ်ပေါင်း ၇၀ ကျော် ပဋိပက္ခများဖြင့် ဆူဆူညံညံဖြစ်နေသည့် အနေအထားကို ပြည်ထောင်စုအတွင်း နေထိုင်သူအားလုံးက ပြုပြင်မှရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ဒီအခွင့်အရေးဟာ ဒီကနေ့ ဒီခန်းမကြီးထဲမှာ ရောက်ရှိနေကြတဲ့ အင်အားစု အသီးသီးက ခေါင်းဆောင်တွေရဲ့ လက်ဝယ်မှာ ရှိနေပါတယ်။ ကျွန်မတို့ရဲ့ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ညီညီညွတ်ညွတ်နဲ့ ထုဆစ်ပုံဖော်ဖို့ သမိုင်းပေးတာဝန်ဟာ ကျွန်မတို့အားလုံးရဲ့ ပခုံးပေါ်မှာ ရောက်ရှိနေပါပြီ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိအစိုးရအနေဖြင့် ပင်လုံညီလာခံ အစည်းအဝေး နှစ်ကြိမ်ကျင်းပပေးပြီး လက်ရှိ ၂၀၁၈ ခုနှစ်အတွင်း နောက်ထပ် ညီလာခံတစ်ကြိမ်၊ လာမည့် ၂၀၁၉ ခုနှစ်အတွင်း နောက်ထပ် ညီလာခံနှစ်ကြိမ် စုစုပေါင်း ညီလာခံသုံးကြိမ် ကျင်းပနိုင်ရေးနှင့် အဆိုပါ ညီလာခံသုံးကြိမ်တွင် အရေးကြီးသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူများ အပြီးအပြတ်ချမှတ်ပြီး အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအတွက် အခြေခံအုတ်မြစ်များ ခိုင်ခိုင်မာမာ တည်ဆောက်ပေးနိုင်ရန် မျှော်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။

နိုင်ငံရေးပြဿနာများကို ညှိနှိုင်းဖြေရှင်းရာတွင် အရေးကြီးသည့်အချက်မှာ အားလုံးက ရပ်တန့်မနေဘဲ ရှေ့ဆက်လျှောက်လှမ်းနေရန်ဖြစ်ကြောင်း၊ အခက်အခဲနှင့် စိန်ခေါ်မှုများ မည်မျှပင် ကြုံတွေ့စေကာမူ စိတ်မပျက် အားမလျှော့ဘဲ ဒီမိုကရေစီနှင့်ဖက်ဒရယ် ပြည်ထောင်စုခရီးလမ်းတွင် ခိုင်မာသော စိတ်ဓာတ်ဖြင့် ဆက်လက်လျှောက်လှမ်းနိုင်အောင် ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။