တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို စစ်ရေးအရ ဖိအားပေးခြင်းဖြင့် အတင်းအကျပ် တည်ဆောက်၍မရကြောင်း KNU ဥက္ကဋ္ဌ ပြောကြား

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို စစ်ရေးအရ ဖိအားပေးခြင်းဖြင့် အတင်းအကျပ် တည်ဆောက်၍မရကြောင်း KNU ဥက္ကဋ္ဌ ပြောကြား
Published 12 July 2018

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို စစ်ရေးအရ ဖိအားပေးခြင်းဖြင့် အတင်းအကျပ် တည်ဆောက်၍မရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ဇူလိုင် ၁၁ ရက်က စတင်ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး၌ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ကိုယ်စားပြောကြားသော နှုတ်ခွန်းဆက် အမှာစကားတွင် ၎င်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

“ကျွန်တော်တို့၏ ပြည်ထောင်စုသည် ပင်လုံစာချုပ်အရ ကမ္ဘာ့အလယ်မှာ လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟူ၍ ဖြစ်ပေါ်လာသည်ကို သမိုင်းမှာ ထင်ရှားစွာ တည်ရှိခဲ့ပါတယ်။ တစ်နည်းအားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို တိုင်းရင်းသားများ၏ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အတူတကွ ပူးပေါင်းတည်ထောင်ခဲ့ကြသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည်သာ ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိန်းသိမ်းကာကွယ်နိုင်မည်ဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို စစ်ရေးအရ ဖိအားပေးခြင်းဖြင့် အတင်းအကျပ် တည်ဆောက်လို့ မရပါ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တိုင်းရင်းသားလူမျိုးများအကြား လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှု၊ အခြေခံတရားများဖြင့်သာ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားသည်။

ထို့အတူ ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုအားဖြင့်သာ ကာကွယ်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဆက်လက်ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ယခင်အစိုးရလက်ထက်က တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့က လက်မှတ်ထိုးခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တစ်ကြိမ်ကျင်းပနိုင်ခဲ့သည်။

ယင်းကဲ့သို့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးခြင်းနှင့် ပတ်သက်၍ “ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုရဲ့ အခြေခံအုတ်မြစ်ကို ချနိုင်ခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဆိုသည်။

လက်ရှိတွင် NCA စာချုပ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိပြီဖြစ်သည်။

“ယခုလို အဖွဲ့အစည်းများ ပါဝင်လာနိုင်အောင် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား အကြိမ်ပေါင်းများစွာ တွေ့ဆုံညှိနှိုင်းမှု၊ စိတ်ရှည်သည်းခံမှု၊ အခက်အခဲ၊ စိန်ခေါ်မှုများကို အတူတကွ ညှိနှိုင်းအဖြေရှာပြီး မိမိတို့အကြားမှာ နားလည်မှုများ ရယူတည်ဆောက်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

ဆက်လက်၍ အထူးသဖြင့် ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံရေးအမြင်မတူမှု၊ အခွင့်အရေးရရှိမှုမညီမျှမှု၊ ခံယူမှုမတူညီမှုအပေါ် အခြေခံပြီး နှစ်ရှည်လများ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခဲ့သည့် အစုအဖွဲ့များအကြား ယခုလို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှု စာချုပ်ချုပ်ဆိုနိုင်ခြင်းသည် တိုးတက်သော အနေအထားတစ်ခုသို့ ရောက်ရှိခဲ့သည်ဟု အသိအမှတ်ပြုရမည်ဖြစ်ကြောင်း၊ ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ရန်အတွက် ပိုမိုဆောင်ရွက်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

“ယနေ့ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အပေါ်မှာ အခြေခံသည့်အတွက် စာချုပ်ပါ သဘောတူညီချက်များကို အကောင်အထည် ဖော်ရေးအတွက် အလွန်မှ အရေးကြီးပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဆိုသည်။

ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရေးနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်နှင့်အညီ တည်ဆောက်သွားရန်ဟူ၍ အတိအလင်း ဖော်ပြထားပြီး သဘောတူညီထားကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

Most Read

Most Recent