ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် ယခင်အစိုးရအဖွဲ့က ပိုမိုထိရောက်သည်ဟု KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင် ပြောကြား

ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် ယခင်အစိုးရအဖွဲ့က ပိုမိုထိရောက်သည်ဟု KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင် ပြောကြား
Published 12 July 2018

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ယခင် ဦးသိန်းစိန်အစိုးရအဖွဲ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ် ရေးထိုးနိုင်အောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် လက်ရှိအစိုးရထက် ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု ယခင်အစိုးရလက်ထက်တွင် NCA လက်မှတ်ရေးထိုးခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) တွင် ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေး မစတင်မီ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အရင်အစိုးရက ပိုထိရောက်တယ်။ အရင်အစိုးရက ဒီ NCA ရအောင် လုပ်နိုင်ခဲ့တယ်။ ရှစ်ဖွဲ့ရခဲ့တယ်။ ဒီအစိုးရက နှစ်နှစ်ကျော်ပြီလေ။ နောက်ထပ်နှစ်ဖွဲ့ပဲ ရတယ်။ အဲဒီအခါကျတော့ စဉ်းစားကြည့်လို့ရတယ်လေ။ NCA ဖြစ်ပေါ်လာအောင် ကြိုးစားခဲ့ရတဲ့ဟာ တကယ်ခက်ခဲတာ” ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

စစ်မြေပြင်ပဋိပက္ခမှ နိုင်ငံရေးစားပွဲဝိုင်းတွင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ရအောင်၊ သဘောတူညီချက်များရအောင် ကြိုးစားရသော လုပ်ငန်းသည် အင်မတန် ခက်ခဲပင်ပန်းသော အလုပ်ဖြစ်ပြီး အဆိုပါ လုပ်ငန်းကို အများက အသိအမှတ်မပြုနိုင်၊ မုဒိတာ မပွားနိုင်ဖြစ်ကြသည်ဟုလည်း ၎င်းက ပြောကြားသည်။

Most Read

Most Recent