တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ‘ဝ’ အဖွဲ့၊ မိုင်းလားအဖွဲ့၊ SSPP/SSA အဖွဲ့နှင့် KIO/KIA အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ‘ဝ’ အဖွဲ့၊ မိုင်းလားအဖွဲ့၊ SSPP/SSA အဖွဲ့နှင့် KIO/KIA အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံ
Published 12 July 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် KIA မှ ဗိုလ်ချုပ်ဂွန်မော်အား နှုတ်ဆက်နေသည်ကို တွေ့ရစဉ် (Photo- Senior General Min Aung Hlaing Facebook)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် NCA ရေးထိုးရခြင်းမရှိသေးသည့် ‘ဝ’ အဖွဲ့ (UWSP/UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) တို့မှ ခေါင်းဆောင်များအား ဇူလိုင် ၁၁ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ဧည့်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုမှသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်လာရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လေးဖွဲ့အပါအဝင် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်ခုနစ်ဖွဲ့သည် တရုတ်နိုင်ငံ၏ လုံခြုံရေးတာဝန်ယူမှုဖြင့် နေပြည်တော်၌ ဇူလိုင် ၁၁ ရက်က စတင်ပြုလုပ်သည့် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံမှုတွင် မပါဝင်သည့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့အား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ဇူလိုင် ၁၁ ရက် ည ၇ နာရီခွဲအထိ တရားဝင် သတင်းထုတ်ပြန်မှုများ မရှိသေးပေ။

မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက NCA စာချုပ်အား လက်မခံကြောင်း မကြာခဏ ထုတ်ဖော်ပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး NCA တွင် ပါဝင်ရေးထိုးရမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး KIO အနေဖြင့် တစ်ဖက်နှင့်တစ်ဖက် အဆက်အသွယ် ပြတ်တောက်နေမှုများကို အဆက်အသွယ်ပြန်လုပ်နိုင်ရန် မျှော်လင့်ထားကြောင်း KIO/KIA ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂွန်မော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မတွေ့ဆုံမီ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးဖွင့်ပွဲ တက်ရောက်လာစဉ် သတင်းထောက်များ၏ မေးမြန်းချက်များအား ဖြေကြားသည်။

သတင်းထောက်တစ်ဦးက KIO/KIA အနေဖြင့် NCA တွင် လက်မှတ်ထိုးမည့် အခြေအနေနှင့်ပတ်သက်ပြီး ဖြေကြားပေးရန် မေးမြန်းခဲ့သည်။

အဆိုပါမေးမြန်းမှုအား ဗိုလ်ချုပ်ဂွန်မော်က “KIO အနေနဲ့ တစ်ဖက်နဲ့တစ်ဖက် အဆက်အသွယ်ပြတ်တောက်နေတဲ့ အနေအထားကို ဘယ်လိုပြန်ပြီး အဆက်အသွယ် လုပ်နိုင်မလဲဆိုတဲ့ မျှော်လင့်ချက်ရှိတယ်။ ကျွန်တော်တို့ ထူးခြားတဲ့အစီအစဉ်တော့ မရှိသေးပါဘူး။ ဖွင့်ပွဲနဲ့ ညစာစားပွဲတက်တာပါ။ ကျန်တာကတော့ ညှိရမှာပါ။ NCA ထိုးမလား မထိုးဘူးလားဆိုတာ FPNCC အနေနဲ့ အစိုးရနဲ့ သဘောထားတွေ အရင်ဆွေးနွေးဖို့လိုပါတယ်။ အဲဒါပြီးမှပဲ NCA ကို လက်မှတ်ထိုးမလား မထိုးဘူးလားဆိုတဲ့အဖြေက ထွက်လာမှာပါ” ဟု သတင်းထောက်များအား ပြောကြားသည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး တစ်ဖက်နှင့်တစ်ဖက် အဆက်အသွယ် ပြတ်တောက်နေမှုများကို ပြန်လည်ဆက်သွယ်နိုင်ရန် မျှော်လင့်ထားကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံပါက စစ်ပွဲများအရှိန်လျှော့ရန်ပြောမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဂွန်မော်က ပြောကြားသည်။

ထို့ပြင် ‘ဝ’ အဖွဲ့ (UWSA) ဦးဆောင်သည့် FPNCC အဖွဲ့ဝင် အဖွဲ့များအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ် ထိုး မထိုးကိစ္စသည် FPNCC မှ တင်သွင်းထားသည့် မူဝါဒနှင့်ပတ်သက်ပြီး အစိုးရ၊ ငြိမ်းချမ်းရေးကော်မရှင်နှင့် FPNCC တို့ ဦးစွာဆွေးနွေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ၂၁ ရာစု ပင်လုံအစည်းအဝေးဖွင့်ပွဲတက်ရန် အစိုးရဘက်မှ တရုတ်သံရုံးမှတစ်ဆင့် ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ခေါင်းဆောင်ပိုင်းများ ဦးဆောင်ပြီး တက်ရောက်လာကြခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဂွန်မော်က ပြောကြားသည်။

Most Read

Most Recent