<

ဟုမ္မလင်းမြို့တွင် နောက်သုံးရက်အတွင်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်သည်ဟု မိုး/ဇလဌာနမှ ထုတ်ပြန်ထားပြီး မိုးရွာသွန်းမှုကြောင့် ခန္တီးမြို့ အနိမ့်ပိုင်းရပ်ကွက်များ ရေ၀င်ရောက်

ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေအမှတ်သို့ နောက်သုံးရက်အတွင်း ရောက်ရှိနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားပြီး မိုးရွာသွန်းမှုကြောင့် ခန္တီးမြို့အနိမ့်ပိုင်း ရပ်ကွက်များရှိ နေအိမ်များတွင် ရေများ စတင်ဝင်ရောက်လျက်ရှိသည်ဟု သိရသည်။

“ရေ၀င်တာက ပေါမိုင်းရပ်ကွက် အနိမ့်ပိုင်းနဲ့ မြို့မရပ်ကွက်မှာတော့ နည်းနည်းပဲ။ မိုးရေများပြီးတော့ ရေတံခါးနှစ်ခုရှိတာနှစ်ခုစလုံးက အပြင်ရေများလို့ ပိတ်ထားတာကနေ အတွင်းရေ မထွက်တော့တာ။ တကယ်လို့ ရေတံခါး မရှိဘူးဆိုရင်လည်း ရေက အဲဒီလောက် ၀င်မှာပဲ။ အိမ်ခြေ ၃၀၊ ၄၀ လောက် ရေ၀င်တယ်လို့ ခန့်မှန်းပါတယ်။ နတလကျောင်းဆောင် အောက်ထပ် ရောက်နေပြီပြောတယ်” ဟု ခန္တီးမြို့ခံ ဦးအုန်းလွင်က ဆိုသည်။

မိုးလေ၀သနှင့် ဇလဗေဒနှင့် ဇလဗေဒဦးစီးဌာနမှ ဟုမ္မလင်းမြို့တွင် ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် နှစ်ပေခန့်တွင် ရောက်ရှိနေသောကြောင့် မြစ်ကမ်းအနီးနှင့် မြေအနိမ့်ပိုင်း နေထိုင်သူများ အထူးသတိပြု နေထိုင်ကြရန် ထုတ်ပြန်ထားသည်။

“ဒီကနေ့ နေ့လည်က ၁၂၁၀ စင်တီမီတာ ရောက်နေပါတယ်။ မိုးကတော့ မနက် ၉ နာရီနောက်ပိုင်းမှာ သိပ်မရွာတော့ဘူး။ ရေကတော့ တိုးရိပ်ရှိနေသေးတယ်။ တစ်နာရီကို နှစ်စင်တီမီတာ၊ သုံးစင်တီမီတာလောက် တက်နေပါတယ်။ စိုးရိမ်ရေအမှတ်ကိုတော့ ငါးပေလောက် လိုသေးပါတယ်။ အနိမ့်ပိုင်းကတော့ ရေ၀င်နေတာ။ ရေ၀င်မှာစိုးလို့ ရေထိန်းတံခါးကို ပိတ်ထားလိုက်တော့ ရေထွက်ဖို့အတွက် ပြဿနာတက်သွားတာ။ သာမန်ရွာတဲ့မိုးဆိုရင် သိပ်ပြဿနာမရှိပေမယ့် အခုဟာက ညမှာကို လေးလက်မလောက် ရွာလိုက်တဲ့အခါကျတော့ မိုးရေနဲ့တင် မြုပ်သွားတာ။ ဈေးနားအထိ မြုပ်သွားတာ။ ဈေးအနောက်ပိုင်း၊ နတလရုံးရှေ့ဆိုရင် လမ်းပေါ်မှာ ရေကတော်တော်ကြီးကို ရောက်သွားတယ်။ တံတားချဉ်းကပ်လမ်း ဘယ်ညာမှာ ရေရှိသလို ဖြစ်နေတယ်။ မိုးရေကြောင့် အိမ်တချို့ ရေမြုပ်တယ်။ ဒီကနေ့ မိုးရေချိန်က ၄ ဒသမ ၇၂ လက်မ။ အဲဒါက ညပဲ ရွာတာကို အဲလောက်ရတာ။ တစ်ညလုံးရွာတဲ့ မိုးရေကြောင့် မနက်မိုးလင်းတော့ တချို့အိမ်တွေ အောက်ထဲ ရေရောက်ကုန်တာပေါ့။ ရေထိန်းတံခါးမှာလည်း မြစ်ရေကထောက်နေပြီ။ သာစည်ရော၊ အောင်သာရော ထောက်နေတယ်။ ရေထိန်းတံခါးအတွင်း မိုးရေကပိုများပါတယ်။ တချို့အိမ်တွေက မိုးပါးတော့ ရေလျော့သွားပါပြီ” ဟု မိုးဇလဌာနမှ ဦးချစ်ထွေးက ပြောကြားသည်။

July 11, 2018














Copy Protected by Chetan's WP-Copyprotect.