<

ပခုက္ကူနှင့် ရေစကြိုမြို့နယ်အတွင်း ချင်းတွင်း၊ ဧရာဝတီမြစ်ကမ်းနံဘေး ကျေးရွာများမှ ဒေသခံများအတွက် ရေဘေးရှောင်စခန်းငါးခု ဇူလိုင်လအတွင်း တည်ဆောက်မည်

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ရေကြီးကာလတွင် ရေစကြိုမြို့ ဂူကြီးကျောင်းတိုက်ရှိ ရေဘေးရှောင်စခန်းတွင် ရေဘေးရှောင်ဒေသခံများအား တွေ့ရစဉ်

ပခုက္ကူနှင့် ရေစကြိုမြို့နယ်တွင်း ချင်းတွင်း၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများမှ ဒေသခံများ မြစ်ရေကြီးချိန် ရေဘေးရှောင်နိုင်ရန် ရေဘေးရှောင်စခန်းငါးခုကို ဇူလိုင်လလယ်တွင် စတင်တည်ဆောက်မည်ဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

ဇူလိုင်လအတွင်း ပခုက္ကူမြို့အနီး ဧရာဝတီမြစ်မှာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိမည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပြီး ရေကြီးရေလျှံမှု ဖြစ်ပွားချိန်တွင် ဒေသခံများ နေထိုင်ရေး အဆင်ပြေစေရေးအတွက် ရေဘေးရှောင်စခန်းများအား ကြိုတင်တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ ပခုက္ကူမြို့နယ်တွင်း ဧရာဝတီမြစ် ရေကြီးမှုဒဏ် ခံစားရလေ့ရှိသည့် ကျေးရွာများအနီးတွင် ရေဘေးရှောင်စခန်း နှစ်ခုတည်ဆောက်မည်ဖြစ်ပြီး စခန်းတစ်ခုလျှင် လူဦးရေ ၄၀၀ ခန့်ထိ ခိုလှုံနိုင်ရန် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပခုက္ကူမြို့နယ်တွင်းမှာ ရေဘေးရှောင် စခန်းနှစ် ခုတည်ဆောက်ပါမယ်။ ရေလွှမ်းမှုခံရလေ့ရှိတဲ့ ကျေးရွာတွေနဲ့ အနီးဆုံး ရေလွတ်တဲ့နေရာမှာ တည်ဆောက်မှာပါ။ ရေကြီးရေလျှံချိန်မှာ ပြောင်းရွှေ့ရေးအတွက်လည်း အကူအညီပေးမယ်။ စားနပ်ရိက္ခာ ဖြန့်ဝေပေးမယ်။ ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးမယ်။ အရေးပေါ် ယင်လုံအိမ်သာတွေလည်း လုပ်ပေးသွားမှာပါ။ အခု ဇူလိုင် ဒုတိယပတ်ထဲမှာကို စဆောက်မှာပါ” ဟု ပခုက္ကူခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာမှ ဦးစီးမှူး ဦးနေ၀င်းက ပြောကြားသည်။

ချင်းတွင်းနှင့် ဧရာဝတီမြစ်ရေ ရေကြီးရေလျှံမှု ကြုံတွေ့ရလေ့ရှိသည့် ရေစကြိုမြို့နယ်တွင် ရေဘေးရှောင်စခန်းသုံးခု ဖွင့်လှစ်မည်ဖြစ်ပြီး ရေစကြိုမြို့ ဂူကြီးကျောင်းတိုက်၊ ချင်းတွင်း၊ ဧရာဝတီမြစ်ဆုံအနီး ဆင်ကြို့ကျေးရွာနှင့် ပုခန်းခန်းတိုက်နယ်တို့အနီးတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

“မနှစ်က ရေကြီးချိန်မှာ တချို့အိမ်တွေဆိုရင် နေအိမ်အပေါ်ထပ်ထိ ရေရောက်တော့ နေမဖြစ်တဲ့အတွက် ပြောင်းကြရွှေ့ကြတာတွေ လုပ်ရတယ်။ ရေဘေးရှောင်စခန်းတွေ ရှိခြင်းအားဖြင့် အမိုးအကာအောက်ကို ရေဘေးရှောင်သူတွေ မြန်မြန်ရောက်တာပေါ့။ တချို့ဆိုရင် အတော်လေး ခက်ခက်ခဲခဲ နေရတာတွေရှိတယ်။ ရေဘေးရှောင်စခန်းတွေ ရှိခြင်းအားဖြင့် နေထိုင်ရေး ပိုအဆင်ပြေမယ်” ဟု ရေစကြိုမြို့မှ ကိုကျော်သူသူက ဆိုသည်။

၂၀၁၇ ခုနှစ် ရေကြီးရေလျှံ ကာလတွင် ပခုက္ကူနှင့် ရေစကြိုမြို့နယ်တို့တွင် ရေဘေးရှောင်စခန်းတစ်ခုစီ ဖွင့်လှစ်ခဲ့ပြီး ရေကြီးရေနစ်မြုပ်မှု ကြုံတွေ့ရသည့် ကျေးရွာများပြားလာခြင်းကြောင့် ယခုနှစ်တွင် ရေဘေးရှောင်စခန်းများ တိုးမြှင့်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ပခုက္ကူနှင့် ရေစကြိုမြို့နယ်အတွင်း ဖြတ်သန်း စီးဆင်းသည့် ချင်းတွင်းနှင့် ဧရာဝတီမြစ်ရေမှာ ၂၀၁၇ ခုနှစ် ရေတက်ရေကြီး ကာလတွင် စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိခဲ့ခြင်းကြောင့် ဒေသခံ သောင်းနှင့်ချီ ရေလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။

July 11, 2018














Copy Protected by Chetan's WP-Copyprotect.