တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အမှန်တကယ် မစိုက်ပျိုးသည့် ဆီအုန်းစိုက်ခင်းများအတွက် လျှော့ချရမည့် စိုက်ပျိုးဧကများကို MIC က သတ်မှတ်ထားပြီး တိုင်းဒေသကြီးအစိုးရက စိစစ်ပြီးပါက တရားဝင် ထုတ်ပြန်မည်

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အမှန်တကယ် မစိုက်ပျိုးသည့် ဆီအုန်းစိုက်ခင်းများအတွက် လျှော့ချရမည့် စိုက်ပျိုးဧကများကို MIC က သတ်မှတ်ထားပြီး တိုင်းဒေသကြီးအစိုးရက စိစစ်ပြီးပါက တရားဝင် ထုတ်ပြန်မည်
Published 12 July 2018

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဆီအုန်းစိုက်ခင်းအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး)

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အမှန်တကယ် မစိုက်ပျိုးသည့် ဆီအုန်းစိုက်ခင်းများအတွက် လျှော့ချရမည့် စိုက်ပျိုးဧကများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က သတ်မှတ်ကာ တင်ပြထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စိစစ်မှုများ ပြုလုပ်ပြီးပါက တရားဝင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

“ဆီအုန်းသိမ်းမယ့် ကိစ္စကတော့ ဟိုတစ်ခါ ပြောခဲ့သလိုပေါ့နော် MIC ကတော့ ဧကတွေ လျှော့ဖို့ပေါ့ ဆုံးဖြတ်လိုက်တယ်။ MIC က အဖွဲ့ဝင်ဖြစ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ကွင်းဆင်းတဲ့အဖွဲ့နဲ့ စစ်ဆေးပြီးတော့မှ လျှော့သင့်တဲ့ ဧကတွေ သူကတင်ပြတယ်။ MIC က ကွင်းဆင်းပြီးစစ်တဲ့ ဧကတွေအတိုင်းလျှော့ဖို့ MIC က သဘောတူတယ်။ သဘောတူပြီးမှ တိုင်းဒေသကြီးကို အကြောင်းကြားတော့ တိုင်းဒေသကြီးက MIC က အတည်ပြုထားတာလေးတွေကို ပြန်ပြီးတော့ စစ်ချင်ပါသေးတယ်။ စစ်ပြီးတော့မှ ဒီအပေါ်မှာ လိုအပ်သလို ပြန်ပြီးတော့ ပြင်ချင်ပါသေးတယ်လို့ သူတို့က အကြောင်းကြားတဲ့အတွက်မို့ MIC က သဘောတူလိုက်တယ်။ တိုင်းဒေသကြီးအစိုးရ သူတို့ဘက်က ဘယ်လောက်ခွင့်ပြုသင့်တယ်ဆိုတာကို စစ်ဆေးဖို့ လုပ်နေတယ်။ အဲဒီလုပ်ငန်းစဉ်က မပျက်သေးဘူးပေါ့နော်။ အဲဒါကို စောင့်နေတယ်။ ပြီးရင် ဒီဟာကို အတည်ပြုပြီးတော့မှ ထုတ်ပြန်မယ်” ဟု ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းထုတ်သည့် လုပ်ငန်းများစွာရှိကြောင်း၊ ယင်းတို့အနက် အများစုမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုပေးထားသည့် လုပ်ငန်းငါးခုရှိကြောင်း၊ အဆိုပါ လုပ်ငန်းငါးခုနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် လအနည်းငယ်က MIC အဖွဲ့ဝင်ဖြစ်သည့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ဦးဦးဆောင်သည့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ MIC မှ ခွင့်ပြုပေးထားသည့် ဧရိယာအားလုံးတွင် ယင်းကုမ္ပဏီများ၏ အမှန်တကယ် ဆောင်ရွက်နေမှု အခြေအနေ၊ ကုမ္ပဏီများအား လုပ်ငန်းလုပ်ကိုင်ရန် ဆက်လက်ခွင့်ပြု သင့် မသင့်၊ သို့မဟုတ်တချို့တစ်ဝက်ကို ပြန်သိမ်းရန် သင့် မသင့်တို့နှင့် စပ်လျဉ်းပြီး ကွင်းဆင်း စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံအခြေစိုက် အော်တိုစက်မှုလုပ်ငန်းစု (AIC-Auto Industrial Corporation) နှင့် စင်ကာပူနိုင်ငံအခြေစိုက် Resource & Resource Pte,Ltd တို့မှ ပူးပေါင်းတည်ထောင်ထားသည့် Myanmar Auto Corporation (MAC) ကုမ္ပဏီမှ ဆီအုန်းစိုက်ပျိုးရန် တနင်္သာရီတိုင်းဒေသကြီးတွင် မြေ ဧက ၁၃၃၆၀၀ အထိ ရယူခဲ့သော်လည်း အမှန်တကယ် စိုက်ပျိုးနိုင်မှုမှာ ခြောက်နှစ်တာကာလအတွင်း ဆီအုန်း ၃၃၁၅ ဧကသာ စိုက်ပျိုးနိုင်ခဲ့သည့် အခြေအနေနှင့် အဆိုပါကာလတွင် သစ်တောများ ခုတ်ထွင်ကာ သစ်တန်ချိန် ၁၉၀၀၀၀ ကျော်အထိ ထုတ်ယူခဲ့သည့် အခြေအနေကို တွေ့ရှိခဲ့ရကြောင်းနှင့် ထိုသို့ ထုတ်ယူခဲ့သည့် သစ်များကို ပြည်ပသို့ တရားမဝင် တင်ပို့ခဲ့ခြင်းရှိပါက နိုင်ငံအနေဖြင့် အခွန်ဘဏ္ဍာ ဒေါ်လာ သန်းနှင့်ချီ ဆုံးရှုံးနိုင်မည်ဖြစ်ကြောင်း အခြေအနေအပေါ် လေ့လာထားသည့် ‘ဆီအုန်းနောက်ကွယ်၊ ဆွယ်ယောင်ပြစိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံမှုများ၏ အကျိုးဆက်’ အစီရင်ခံစာကို မတ် ၁၇ ရက်က ရန်ကုန်မြို့ရှိ Park Royal တွင် ထုတ်ပြန်ရှင်းလင်းခဲ့သည်။

လုပ်ကိုင်ခွင့်ချပေးထားသော ကုမ္ပဏီများအနက် အများစုမှာ မြန်မာကုမ္ပဏီများဖြစ်ပြီး ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် မြန်မာအော်တိုကော်ပိုရေးရှင်း (MAC) မှာ တနင်္သာရီတိုင်းဒေသကြီးအတွင်း ချထားပေးသည့်ကုမ္ပဏီများအနက် အများဆုံးဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးရန်အတွက် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မြေဧက ၁ ဒသမ ၉ သန်းကျော်ကို ကုမ္ပဏီ ၄၄ ခုအား ချထားပေးခဲ့သော်လည်း အဆိုပါကုမ္ပဏီများ အနေဖြင့် စုစုပေါင်းမြေယာချထားပေးမှု၏ ၂၅ ရာခိုင်နှုန်း (၅၃၅၀၀၀ ဧကခန့်သာ) စိုက်ပျိုးနိုင်ခဲ့ကြောင်း ဆီအုန်းနောက်ကွယ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most Read

Most Recent