<

တောင်ဒဂုံမြို့နယ် ငမိုးရိပ်တံတားပေါ်မှ ခုန်ချခဲ့သည့် အဘွားအို၏ အလောင်းအား ပုဇွန်တောင်ချောင်းအတွင်း တွေ့ရှိ

တောင်ဒဂုံမြို့နယ်ရှိ ငမိုးရိပ်တံတားပေါ်မှ ခုန်ချခဲ့သည့် အသက် ၇၂ နှစ်အရွယ် အဘွားအို၏အလောင်းကို မင်္ဂလာတောင်ညွန့်မြို့နယ် ပုဇွန်တောင်ချောင်းအတွင်း၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ ဖြစ်စဉ်ကို ဆိပ်ကမ်းမြို့မရဲစခန်းမှ သေမှုသေခင်း ဖွင့်လှစ်၍ ဆက်လက်စစ်ဆေးနေကြောင်း ဇူလိုင် ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဘွားအိုမှာ တောင်ဒဂုံမြို့နယ်၊ (၁၄၀) ရပ်ကွက်တွင် နေထိုင်သည့် ဒေါ်…..(၇၂ နှစ်) ဖြစ်ပြီး ဇူလိုင် ၈ ရက် နံနက်ပိုင်းက လေးထောင့်ကန်လမ်းမကြီး ငမိုးရိပ်တံတားမှ ခုန်ချခဲ့ခြင်းဖြစ်သည်။ “ခုန်ချပြီး သုံးရက်မြောက်တဲ့နေ့မှာ ပုဇွန်တောင်ချောင်းထဲမှာ ပြန်တွေ့ပါတယ်။ အဘွားက ဆီးချိုရောဂါဖြစ်နေလို့ စိတ်ဓာတ်ကျနေတယ်လို့ သိရတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းသို့တံတားပေါ်မှ ခုန်ချသွားသည်ကို တံတားလုံခြုံရေးတာဝန်ကျ အမှတ် (၁၅) လုံခြုံရေးတပ်ဖွဲ့ခွဲမှ ရဲတပ်သားတစ်ဦးက ရဲစခန်းသို့ အကြောင်းကြားခဲ့ပြီး တောင်ဒဂုံရဲစခန်းမှ ရဲများရောက်ရှိလာပြီး စစ်ဆေးရာ အခင်းဖြစ်နေရာတွင် ခုန်ချသွားသူအမျိုးသမီး၏ သားရေဖိနပ်တစ်ရန်ကို တွေ့ရှိခဲ့ရပြီး နာရီဝက်ခန့်အကြာတွင် အမျိုးသားတစ်ဦး ရောက်ရှိလာကာ ဖိနပ်ကိုကြည့်၍ ခုန်ချသွားသူမှာ ၎င်း၏မိခင်ဖြစ်ကြောင်း၊ ဆီးချိုရောဂါရှိနေသဖြင့် ဆေးကုနေရ၍ စိတ်ဓာတ်ကျနေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

July 11, 2018














Copy Protected by Chetan's WP-Copyprotect.