လာမည့်ရက်အနည်းငယ်အတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နိုင်သည့် လေဖိအားနည်းရပ်ဝန်းကြောင့် တစ်နိုင်ငံလုံးအနှံ့ မိုးရွာသွန်းနိုင်ပြီး ကမ်းရိုးတန်းဒေသများတွင် မိုးပိုနိုင်

လာမည့်ရက်အနည်းငယ်အတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နိုင်သည့် လေဖိအားနည်းရပ်ဝန်းကြောင့် တစ်နိုင်ငံလုံးအနှံ့ မိုးရွာသွန်းနိုင်ပြီး ကမ်းရိုးတန်းဒေသများတွင် မိုးပိုနိုင်
Published 12 July 2018

ဇူလိုင်ပထမပတ်အတွင်းက ရန်ကုန်မြို့တွင် မိုးရွာသွန်းနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

ဇူလိုင် ၁၃ ရက်တွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ စတင်ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မြန်မာတစ်နိုင်ငံလုံး အနှံ့အပြားတွင် မိုးဆက်လက် ရွာသွန်းနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းဒေသများတွင် မိုးရွာသွန်းမှု ပိုမိုများပြားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦး၏ ပြောကြားမှုအရ သိရသည်။

ဇူလိုင် ၁၃ ရက်တွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ လေဖိအားနည်းရပ်ဝန်း တစ်ခုစတင်ဖြစ်ပေါ်နိုင်ပြီး ဇူလိုင် ၁၅ ရက်တွင် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်သို့ ဝင်ရောက်နိုင်ကြောင်း မိုးဇလညွှန်ချုပ်က ပြောကြားထားပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် မုတ်သုံလေ အလွန်အားကောင်းလာနိုင်ကြောင်း သိရသည်။

ယင်းသို့ မုတ်သုံလေ အလွန်အားကောင်းလာနိုင်ခြင်းကြောင့် မြန်မာတစ်နိုင်ငံလုံးအနှံ့တွင် မိုးဆက်လက်ရွာသွန်းနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းဒေသများ၌ မိုးရွာသွန်းမှုများ ဆက်လက်များပြားနိုင်ကြောင်း သိရသည်။

“၁၃ ရက်လောက်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်လာနိုင်တယ်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာပေါ့။ ၁၅ ရက်လောက်ဆို အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလား ပြည်နယ်ကို ဝင်ရောက်နိုင်တယ်။ လေဖိအားနည်းရပ်ဝန်းကြောင့် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တွေမှာ မုတ်သုံလေအား အလွန်ကောင်းလာနိုင်ဖို့ရှိတယ်။ မုတ်သုံလေအား အလွန်ကောင်းလာလို့ မြန်မာ့ကမ်းရိုးတန်းဒေသတွေမှာ မိုးပိုနိုင်တယ်။ ပြီးတော့ တစ်နိုင်ငံလုံးအနှံ့ မိုးရွာနိုင်တယ်ပေါ့” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

ထို့ပြင် ဒေါက်တာကျော်မိုးဦးက နှစ်ပေါင်း ၁၀၀ အတွင်း ဇူလိုင်နှင့်သြဂုတ်လများ၌ မြန်မာနိုင်ငံသို့ မုန်တိုင်းနှင့် လေဖိအားနည်းရပ်ဝန်း ဝင်ရောက်မှုဖြစ်ပေါ်ခဲ့ခြင်း မရှိခဲ့သည့်အတွက် မုန်တိုင်းအန္တရာယ်အတွက် စိုးရိမ်ရန်မရှိသော်လည်း ဇူလိုင်နှင့် သြဂုတ်လများသည် မိုးလယ်ကာလဖြစ်ပြီး မိုးအမြောက်အမြားရရှိသည့် ကာလဖြစ်ခြင်းကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်း ဘေးအန္တရာယ်အများဆုံး ဖြစ်ပေါ်နိုင်သည့်အတွက် မြစ်ကမ်းနားနှင့် တောင်ကုန်းတောင်တန်းဒေသများတွင် နေထိုင်သူများအနေဖြင့် သတိပြုနေသင့်ကြောင်း ဆက်လက် ပြောကြားထားသည်။

ယခုရက်သတ္တပတ်အတွင်းတွင် မုတ်သုံလေအားအလွန်ကောင်းခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများဖြစ်သည့် ကရင်ပြည်နယ်၊ မွန်-တနင်္သာရီကမ်းရိုးတန်းဒေသများတွင် မိုးရွာသွန်းမှု များပြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင်လည်း ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှု များပြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent