တရုတ်ယွမ်ငွေနှင့်န နှိုင်းယှဉ်ပါက ဒေါ်လာဈေးပြန်မာလာပြီး ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၀၆ ကျပ်အထိ ဆက်လက်မြင့်တက်

တရုတ်ယွမ်ငွေနှင့်န နှိုင်းယှဉ်ပါက ဒေါ်လာဈေးပြန်မာလာပြီး ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၀၆ ကျပ်အထိ ဆက်လက်မြင့်တက်
Published 12 July 2018

ဇူလိုင် ၁၁ ရက်တွင် ဒေါ်လာဈေးသည် တရုတ်ယွမ်ငွေနှင့် နှိုင်းယှဉ်ပါက ပြန်မာလာပြီး ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၀၆ ကျပ်အထိ ဆက်လက် မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ဇူလိုင် ၁၁ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၄ ပွိုင့်အောက်ဆက်ရှိပြီး တရုတ်ယွမ်ငွေက ယခင်ရက်များထက် တန်ဖိုး ပြန်ကျလာခြင်းဖြစ်သည်။ ဇူလိုင် ၁၁ ရက်တွင် မြန်မာငွေ ၁၀၀ ကျပ်နှင့် ယွမ်ငွေလဲလှယ်နှုန်း ၀ ဒသမ ၄၇၁၅ ရှိပြီး ဇူလိုင် ၁၀ ရက်တွင် ၀ ဒသမ ၄၇၃၅ ရှိရာ နှိုင်းယှဉ်ပါက မြန်မာကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်းလာခဲ့သည်။

ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းများမှာ ဖေဖော်ဝါရီတွင် ၉၀ ဒသမ ၄၃ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင် ၉၁ ဒသမ ၇၁ ပွိုင့်၊ မေတွင် ၉၄ ဒသမ ၈၃ ပွိုင့်၊ ဇွန်တွင် ၉၅ ဒသမ ၂၁ ပွိုင့်ဖြစ်ပြီး ဇူလိုင် ၁၀ ရက်တွင် ၉၃ ဒသမ ၉၄ ပွိုင့်အထိ အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇ တို့ဖြစ်ပြီး ဇွန်လတွင် ကွာဟချက် အများဆုံး ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် မတ်လအတွင်း အမြင့်ဆုံးဈေးနှုန်းအဖြစ် မတ် ၂၁ ရက်တွင် ၁၃၃၄ ကျပ် ဖြစ်ပေါ်ခဲ့သော ဒေါ်လာဈေးသည် မတ် ၂၉ ရက်တွင် ၁၃၂၈ ကျပ်အထိ၊ ဧပြီလဆန်းတွင် ၁၃၂၄ ဝန်းကျင်အထိ ကျဆင်းခဲ့သည်။ ထို့နောက် ဧပြီလကုန်ပိုင်း ၂၈ ရက်တွင် ၁၃၃၁ ကျပ်၊ မေ ၂၁ ရက်တွင် ၁၃၅၁ ကျပ်အထိ မြင့်တက်ခဲ့ပြီး ဇွန် ၁၁ ရက်တွင် ၁၃၄၆ ကျပ်၊ ဇွန် ၁၅ ရက်တွင် ၁၃၅၅ ကျပ်၊ ဇွန် ၁၆ ရက်တွင် ၁၃၆၅ ကျပ်၊ ဇွန် ၂၀ ရက်တွင် ၁၃၆၈ ကျပ်၊ ဇွန် ၂၁ ရက်တွင် ၁၃၇၅ ကျပ်၊ ဇွန် ၂၆ ရက်တွင် ၁၃၈၃၊ ဇွန် ၂၇ ရက်တွင် ၁၃၉၅၊ ဇွန် ၂၈ ရက်တွင် ၁၄၀၇ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။ ဇူလိုင် ၁ ရက်တွင် ၁၃၈၄ ကျပ်အထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ကျပ် ၁၄၀၀၊ ဇူလိုင် ၁၁ ရက်တွင် ၁၄၀၆ ကျပ်အထိ မြင့်တက်ခဲ့ကာ နှစ်ရက်အတွင်း ၁၃ ကျပ် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၁၁ ရက်တွင် သတ်မှတ်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းမှာ ၁၄၀၂ ကျပ် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်အတွင်း ဇူလိုင် ၁၁ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၆၄၅ ကျပ်၊ စင်ကာပူဒေါ်လာ ၁၀၃၃ ကျပ်၊ မလေးရှားရင်းဂစ် ၃၄၆ ကျပ်၊ ထိုင်းဘတ် ၄၂ ဒသမ ၆၅ ကျပ်၊ တရုတ်ယွမ် ၂၁၁ ကျပ်၊ ဂျပန်ယန်း ၁၂ ဒသမ ၆၀ ကျပ်၊ တောင်ကိုရီးယားဝမ် ၁ ဒသမ ၃၅ ကျပ်ဖြစ်ပြီး ယခင်ရက်နှင့်နှိုင်းယှဉ်ပါက ယူရိုနှင့် စင်ကာပူဒေါ်လာဈေးများ သိသိသာသာ ဆက်လက်မြင့်တက်ခဲ့သည်။

Most Read

Most Recent