<

မန္တလေးမြို့ ဧရာဝတီမြစ်ရေမှတ်မှာ မြို့၏စိုးရိမ်ရေမှတ်ရောက်ရန် လေးပေခန့်အလိုအထိ မြင့်တက်လျက်ရှိပြီး လာမည့်ဇူလိုင်လ တတိယပတ်တွင် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနိုင်

ဧရာဝတီမြစ် မန္တလေးမြို့ရေအမှတ်မှာ ဇူလိုင် ၁၁ ရက် နံနက်ပိုင်း တိုင်းထွာချက်များအရ ၁၁၁၅ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်ကာ မန္တလေးမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သော ၁၂၆၀ စင်တီမီတာသို့ရောက်ရှိရန် လေးပေခန့်လိုသေးကာ လာမည့်ဇူလိုင် တတိယပတ်တွင် စိုးရိမ်ရေအမှတ်အထက် ရောက်ရှိသည်အထိ မြင့်တက်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဧရာဝတီမြစ်ရေမှာ ဇူလိုင် ၁ ရက်တွင် ၉၈၀ စင်တီမီတာရှိခဲ့ရာမှ နေ့စဉ်တဖြည်းဖြည်းချင်း မြင့်တက်လာခြင်းဖြစ်ပြီး လက်ရှိတွင် စင်တီမီတာ ၁၁၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

“လက်ရှိမြစ်ရေက သုံး၊ လေးရက်လောက်နေရင် ပြန်ကျဖို့ရှိတယ်။ မြောက်ပိုင်းမှာ မိုးတအားမကောင်းသေးပေမဲ့ အထက်ပိုင်းမှာ ရေနည်းနည်းပြန်တက်တယ်။ လက်ရှိမှာ ကသာနဲ့ ဗန်းမော်ကြားမှာ ရေကျနေတယ်။ မန္တလေးမှာက နောက်နှစ်ရက်လောက်မှာ ပြန်ကျဖို့ရှိတယ်။ ခုတော့ စိုးရိမ်ရေအမှတ်နီးဖို့ လေးပေလောက်လိုသေးတယ်။ ဇူလိုင်ဒုတိယ ၁၀ ရက်ပတ်မှာ မုတ်သုံအားကောင်းဖွယ် ရှိတာကြောင့် ဇူလိုင်တတိယ ၁၀ ရက်ပတ်မှာ မြစ်ရေမြင့်တက်ဖို့ရှိပြီး မန္တလေးရေအမှတ်က စိုးရိမ်ရေအမှတ် ရောက်သည်အထိ မြင့်တက်နိုင်ဖွယ်ရှိတယ်။ လက်ရှိ ရေအခြေအနေနဲ့ ဒုတိယ ၁၀ ရက်ပတ်မှာ မုတ်သုံအားကောင်းတဲ့ အခြေအနေနဲ့ဆိုရင် ဇူလိုင်နောက်ဆုံးအပတ်မှာ စိုးရိမ်ရေအမှတ်ရောက်နိုင်တဲ့ အလားအလာရှိတယ်” ဟု အထက်မြန်မာပြည် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မန္တလေး) မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

ဇူလိုင်လအတွင်း ဧရာဝတီမြစ် မန္တလေး ရေအမှတ်များမှာ ဇူလိုင် ၁ ရက်တွင် ၉၈၀ စင်တီမီတာမှ ဇူလိုင် ၁၁ ရက်အထိ ၁၀ ရက်အတွင်း လေးပေခွဲခန့် မြင့်တက်ခဲ့ကြောင်း သိရသည်။

July 11, 2018














Copy Protected by Chetan's WP-Copyprotect.