ဘူးသီးတောင်-မောင်တော မြို့အဝင် ကျေးရွာများတွင်ပါ ပစ်ခတ်မှုများ ဖြစ်ပွားနေသဖြင့် မော်တော်ကားများ သွားလာရေး ရပ်တန့်

ဘူးသီးတောင်-မောင်တော မြို့အဝင် ကျေးရွာများတွင်ပါ ပစ်ခတ်မှုများ ဖြစ်ပွားနေသဖြင့် မော်တော်ကားများ သွားလာရေး ရပ်တန့်
Published 25 August 2017

အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများသည် သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၁ နာရီမှ စတင်၍ လုံခြုံရေး ကင်းစခန်းများကို တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် မောင်တောမြို့အဝင် ကျေးရွာများတွင်ပါ ပစ်ခတ်မှုများ ဖြစ်ပွားနေသဖြင့် ဘူးသီးတောင်သို့သွားမည့် ခရီးသည်ကားများ ပြေးဆွဲမှု ရပ်ဆိုင်းလျက်ရှိကြောင်း သိရသည်။

"တစ်ညလုံး မြို့အဝင်ရပ်ကွက်တွေမှာ ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တာကြောင့် ကားတွေမြို့ပြင် မထွက်ရဲတော့ဘူး။ နောက်ပြီး မြို့သူကြီး ဘင်္ဂါလီရွာကို ဖြတ်ရမှာဖြစ်လို့ ဘယ်သူမှ အသွားအလာ မရှိဘူး။ ဒါကြောင့် ဘူးသီးတောင်ကို သင်္ဘောအမှီသွားမယ့် ကားတစ်စီးမှ မထွက်သလို မြို့ထဲကိုလည်း အဝင်မရှိဘူး။" ဟု မောင်တောမြို့ခံ တစ်ဦးက ပြောသည်။

မောင်တော-ဘူးသီးတောင် ပြေးဆွဲသည့် ခရီးသည်ကားများ အနေဖြင့် စိုးရိမ်ရသဖြင့် ရပ်တန့်ထားခြင်း ဖြစ်ကြောင်းနှင့် မည်သည့်အချိန်တွင် ပြန်ပြေးဆွဲမည်ကို မသိရှိသေးကြောင်း ပြောသည်။

"လုံခြုံရေးက လာတားတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဘယ်သူမှ မြို့ပြင်မထွက်ရဲဘူး။ သုံးမိုင်က ဈေးသည် ကားတွေတောင် မြို့ထဲမဝင်ဘူး။ ဒီကနေ့တော့ ကားတစ်စီးမှမဆွဲ ဘယ်အချိန်ပြန်ဆွဲမလဲဆိုတာ မသိသေးဘူး။ အခုတော့ မြို့ပေါ်က ပစ်ခတ်သံတွေ မကြားရတော့ဘူး။" ဟု မောင်တောမှ ကားသမားတစ်ဦးက ပြောသည်။

လတ်တလော အခြေအနေတွင် မောင်တောမြို့နယ်အတွင်း အသွားအလာမရှိ ဖြစ်နေပြီး မြို့ပေါ်သို့ ကားအဝင်အထွက် လုံးဝမရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် မြို့နှင့်အနီးတစ်ဝိုက်တွင် ပစ်ခတ်သံများ မကြားရတော့သော်လည်း နယ်ဘက်တွင် အကြမ်းဖက်သမားများက လာရောက်ပစ်ခတ်မှုများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

Most Read

Most Recent