မြောက်ဦးဖြစ်စဉ်အတွင်း ဒဏ်ရာရရှိပြီး ဆေးရုံတက်ကုသနေချိန် ပုဒ်မ ၆ (၁) ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော လူငယ်ရှစ်ဦးအား (၁၄) ကြိမ်မြောက် ရုံးထုတ်

မြောက်ဦးဖြစ်စဉ်အတွင်း ဒဏ်ရာရရှိပြီး ဆေးရုံတက်ကုသနေချိန် ပုဒ်မ ၆ (၁) ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော လူငယ်ရှစ်ဦးအား (၁၄) ကြိမ်မြောက် ရုံးထုတ်
Published 11 July 2018

မြောက်ဦးဖြစ်စဉ်အတွင်း ဒဏ်ရာရရှိပြီး ဆေးရုံတက်ကုသနေချိန် ပုဒ်မ ၆ (၁) ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော လူငယ်ရှစ်ဦးအား (၁၄) ကြိမ်မြောက် ရုံးထုတ်စဉ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သော လူစုလူဝေးဖြစ်စဉ်အတွင်း သေနတ်ပစ်ဖောက်ခဲ့သည့်အတွက် ဒဏ်ရာရရှိခဲ့ပြီး စစ်တွေပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရချိန် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆ (၁) ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော လူငယ်ရှစ်ဦးအား ဇူလိုင် ၁၀ ရက်က (၁၄) ကြိမ်မြောက် ရုံးထုတ်ခဲ့ကြောင်းနှင့် ဇူလိုင် ၂၄ ရက်သို့ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။

“ဒီနေ့တော့ သက်သေမရောက်တဲ့အတွက် ဘယ်သူ့ကိုမှ မစစ်ဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရားလိုပြသက်သေတွေအဖြစ် မြောက်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုကလည်း ကလေးခရိုင်ကိုပြောင်းသွားတယ်။ ပြီးတော့ ရှေ့သုက ဦးညိမ်းလွင်ကလည်း နေပြည်တော်ကို ပြောင်းသွားတယ်ဆိုတော့ ခေါ်ဖို့တော့ မလွယ်ဘူးပေါ့။ ဒါပေမဲ့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ခေါ်ပေးပါလို့တော့ ကျွန်တော်တို့ တင်ပြထားတာ နှစ်ပတ်လောက်ရှိပြီ။ အခုအထိ မရောက်သေးဘူးပေါ့နော်။ နောက်ပြီး ဖျက်ဆီးခံရတယ်ဆိုတာကလည်း ဦးခင်မောင်ချိုတို့ ခရိုင်ရုံးက ပစ္စည်းတွေဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ကို မဖြစ်မနေစစ်ရမှာ ဖြစ်တယ်။ သူတို့မလာနိုင်တဲ့အတွက် ဒီနေ့ရုံးချိန်းမှာတော့ ကော်မရှင်နဲ့ စစ်ဆေးမယ်လို့ ပြောကြတယ်။ တရားလိုဘက်ကလည်း သူတို့နှစ်ယောက်ကို မေးမယ့်မေးခွန်းတွေ၊ တရားခံဘက်ကလည်း မေးမယ့်မေးခွန်းတွေကို ဒီရက်ပိုင်းမှာ စစ်တွေမြို့နယ် တရားခွင်ကို အရောက်ပို့ရမှာဖြစ်တယ်။ ဆိုတော့ ကော်မရှင်နဲ့မေးမယ်ဆိုရင် ရက်ကနည်းနည်း ကြာမယ်ဆိုပြီး နှစ်ပတ်ခြားပြီးတော့ လာမယ့်ဇူလိုင် ၂၄ ရက်ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။ အဲဒီနေ့မှာ စစ်ဆေးတဲ့ ပြန်စာရနိုင်မယ်လို့ိ ထင်ပါတယ်” ဟု ပြောကြားသည်။

ဇန်နဝါရီ ၁၆ ရက်က မြောက်ဦးမြို့တွင် စာပေဟောပြောပွဲပြုလုပ်ရန် ပြင်ဆင်ထားသော်လည်း စာပေဟောပြောပွဲ မကျင်းပဖြစ်ဘဲ ပျက်ခဲ့သည့်အတွက် လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီးနောက် ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့သို့ ရောက်ရှိခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်ခဲ့သည့်အတွက် ခုနစ်ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကလေးတွေထဲမှာတော့ ချိုင်းထောက်နဲ့ သွားနေရတာက သုံးယောက်ပေါ့။ စတီးရိုးထည့်ထားတယ်လို့ ပြောတယ်။ ကျန်တဲ့ငါးယောက်ကတော့ ကျန်းမာရေးအခြေအနေကတော့ ကောင်းမွန်တယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့။ ဒီကလေးတွေက မသေကောင်းမပျောက်ကောင်းပေါ့။ ပစ်ခတ်ခံခဲ့ရပြီး ဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေစဉ် အတွင်းမှာပဲ တရားခံအနေနဲ့ စစ်ဆေးခံနေရတယ်။ ဆိုတော့ ဘာပဲပြောပြော အမှုကို အတတ်နိုင်ဆုံး ကျေကျေလည်လည်ဖြစ်စေချင်ပါတယ်။ ကျွန်တော်တို့ အကျိုးဆောင် ဘက်ကပေါ့။ ဘာလို့လဲဆိုတော့ ကလေးတွေကလည်း ငယ်ရွယ်တဲ့ကလေးတွေ ဖြစ်တယ်။ ဒဏ်ရာတွေရပြီး ဆေးရုံလည်းတက်ရတယ်။ တရားစွဲလည်း ခံရသေးတယ်ဆိုတော့ ပိုပြီးနစ်နာတယ်လို့တော့ မြင်ပါတယ်” ဟု ရှေ့နေ ဦးတင်ညိုက ပြောကြားသည်။

Most Read

Most Recent