ချင်းတွင်းမြစ်ကြောင်းသွား ရေယာဉ်များအနေဖြင့် ရေကြီးချိန်ကာလအတွင်း မြစ်ကြောင်း တစ်လျှောက်ရှိ ဝဲများကို သတိရှိစွာ မောင်းနှင်ရန် ထုတ်ပြန်

ချင်းတွင်းမြစ်ကြောင်းသွား ရေယာဉ်များအနေဖြင့် ရေကြီးချိန်ကာလအတွင်း မြစ်ကြောင်း တစ်လျှောက်ရှိ ဝဲများကို သတိရှိစွာ မောင်းနှင်ရန် ထုတ်ပြန်
Published 11 July 2018

မင်းကင်းမြို့နှင့် ကလေးဝမြို့ကြားရှိ ချင်းတွင်းမြစ်အတွင်း ပေဝဲကို တွေ့ရစဉ် (ဓာတ်ပုံ-ချစ်ဇော်ဦး)

ချင်းတွင်းမြစ်အတွင်း ခုတ်မောင်းသွားလာ လျက်ရှိသော ရေယာဉ်များအနေဖြင့် မြစ်ရေမြင့်တက်လာပြီဖြစ်၍ မြစ်ကြောင်းတစ်လျှောက်ရှိ ရေဝဲများအား အထူးဂရုပြု ဖြတ်ကျော်မောင်းနှင်ကြရန် သတိပေး နှိုးဆော်အပ်ပါသည်ဟု မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ စစ်ကိုင်းတိုင်းမှ ထုတ်ပြန်ထားခဲ့သည်။

“ဒီအချိန်က ရေတိုးမကြမ်းရင် ဘာမှမဖြစ်ပါဘူး။ ဒိုက် မများဘူး။ ရေတိုးမကြမ်းဘူး ဆိုရင်တော့ ဝဲတွေက ပြဿနာ မရှိပါဘူး။ သတ်မှတ်ရေအထက် မရောက်ရင်တော့ ဘာမှ မဖြစ်ပေမယ့် ရေတိုးကြမ်းလာရင်တော့ အန္တရာယ်ရှိတယ်။ ရေတိုးကြမ်းမကြမ်း ဆိုတာက အောက်ရေလည်း မထောက်ဘူးလေ။ အထက်ပိုင်းကလည်း မိုးဒီလောက်ရွာတာလည်း မရှိဘူးလေ။ မိုးများပြီး ချင်းတွင်းမြစ်အတွင်းဝင်တဲ့ ချောင်းရေ၊ မြောင်းရေအစုံ ကျလာတဲ့အချိန် ဒိုက်အားကြီးစွာ ကျလာမှသာ ဝဲဆင်းဝဲတက်တွေ အန္တရာယ်များတာပါ။ ဟိုနေ့က ဆန်သွားတဲ့ ကောင်တွေကတော့ ဝဲတွေ ငြိမ်တယ်ပြောတယ်။ ကုန်တင်မော်တော်တွေကတော့ သတ်မှတ်ကုန်ချိန်အတိုင်းတင်ဖို့ ကုန်တင်လောဘမကြီးဖို့၊ ကုန်းပတ်ရေမလျှံရင်တော့ ဘာမှမဖြစ်ပါဘူး။ ကုန်းပတ်အောက် နှုတ်ခမ်းသတ်ရင်တော့ ပြဿနာမရှိပေမယ့် အောက်နှုတ်ခမ်းကနေ အပေါ်တွေ တက်နေမှ ပြဿနာရှိတာ။ ကုန်တင်မော်တော်တွေကိုလည်း မော်တော်ပိုင်တွေက လိုက်နာရမှာက ကိုယ့်ကုန်နဲ့ ချိန်ဆပြီးတော့ ဝဲဆင်း၊ ဝဲတက် လုပ်ဖို့လိုပါတယ်” ဟု ကုန်မော်တော်ပိုင်ရှင် ကိုဝင်းခိုင်က ပြောကြားသည်။

အဆိုပါရေဝဲများမှာ ရေစာရေးဝဲ (မုံရွာမြို့နှင့် ကနီမြို့ကြား၊ မုံရွာမှ ရေမိုင် ၁၉ မိုင်)၊ ဝက်သိုက်ဝဲ (ကနီမြို့နှင့် မင်းကင်းမြို့ကြား၊ မုံရွာမှ ရေမိုင် ၉၀ မိုင်)၊ ပေဝဲ ( မင်းကင်းမြို့နှင့် ကလေးဝမြို့ကြား၊ မုံရွာမြို့မှ ရေမိုင် ၁၄၄ မိုင်)၊ လောင်းဂရိတ်ဝဲ (ကလေးဝမြို့နှင့် မော်လိုက်မြို့ကြား၊ မုံရွာမြို့မှ ရေမိုင် ၁၆၀ မိုင်)၊ မစိန်ဝဲ (ကလေးဝမြို့နှင့် မော်လိုက်မြို့ကြား၊ မုံရွာမြို့မှ ရေမိုင် ၁၆၅ မိုင် )၊ ရွှေပုလ္လင်ဝဲ (မောင်လိုက်မြို့နှင့် ဖောင်းပြင်မြို့အကြား၊ မုံရွာမြို့မှရေမိုင် ၂၃၀ မိုင်)၊ ကတိုးဝဲ (ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့အကြား၊ မုံရွာမြို့မှ ရေမိုင် ၄၄၇ မိုင်) တို့ ဖြစ်ကြသည်။

ချင်းတွင်းမြစ်အတွင်း သွားလာနေသော ခရီးသည်တင် ရှော်တယ်များ အနေဖြင့်လည်း ရေကြီးချိန်ခါတွင် ဝဲအဆင်း အတက်များကို သတိကြီးစွာ မောင်းနှင်ရန် လိုအပ်ပြီး ခရီးသည်များကလည်း အမြန်ယာဉ် ရှော်တယ်များမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာကြရန် လိုအပ်သည်ဟု သိရသည်။

“လူစီးရှော်တယ်တွေကတော့ သတ်မှတ်အတိုင်း တင်ရတော့ မှောက်စရာတော့ အကြောင်းမရှိပါဘူး။ ဝဲဆင်းဝဲတက် အကွေ့တွေမှာ ဟွန်းတီးကြဖို့၊ ခရီးသည်တင် ရှော်တယ်တွေ ဝဲဆင်းဝဲတက် လုပ်တော့မယ် ဆိုရင်တော့ ခရီးသည်တွေက ကိုယ့်နေရာကိုယ် ထိုင်နေကြဖို့ လိုပါတယ်။ ခရီးသည်တွေဘက်ကလည်း အန္တရာယ်နဲ့ မောင်းနေတဲ့ အချိန်မှာ အေးဆေးစွာ ကိုယ့်နေရာကိုယ် ထိုင်နေကြဖို့ မလိုအပ်ဘဲ ကုန်းပတ်ပေါ် မထွက်ဖို့ ခရီးသည်တွေ လိုက်နာရမှာပေါ့။ ခရီးသည်တွေက ဝဲတက်နေတဲ့ အချိန်မှာ ဟိုဘက်ထွက်လိုက် ဒီဘက်ထွက်လိုက်၊ သွားလိုက် လာလိုက်နဲ့ဆိုရင် မော်တော်က လှုပ်တာပဲလေ။ ဗွက်နဲ့ဆိုရင် မော်တော်က ဟိုဘက်၊ ဒီဘက်ယိမ်းတာပဲ၊ အဲဒီအချိန်လိမ့်ကျရင်တော့ ခရီးသည်တစ်ဦးအတွက် အုတ်အော်သောင်းတင်း ဖြစ်သွားမှာပဲလေ။ ကိုယ်လည်းခရီးစဉ် ချောချောမောမောရောက်တယ်။ ကိုယ့်စည်းကမ်းပိုင်းဆိုင်ရာ လေးတွေလည်း လိုက်နာမယ်ဆိုရင် ကောင်းတာပေါ့။ ဝဲအတက်မှာ တစ်စင်းနဲ့ တစ်စင်း စောင့်ပြီးတက်ဖို့၊ ဝဲအတက်မှာ တစ်စင်းနဲ့ တစ်စင်း စောင့်ပြီးတော့မှ တက်ဖို့၊ တစ်ခါတလေ ဝဲတက်မှာ ကုန်မော်တော်တွေက တက်နေတုန်း အမြန်ယာဉ် ရှော်တယ်တွေက နောက်ကနေ လှိမ့်ကျော်တက်တာတွေရှိတယ်။ ဒါတွေ ရှောင်ကြဉ်သင့်ပါတယ်။ အစုန်အဆန် ရှောင်တာက ပြဿနာမရှိဘူး။ ကုန်မော်တော်တွေကတော့ ရှေ့ရေယာဉ်နဲ့ နောက်ရေယာဉ်ကို တစ်စင်းနဲ့တစ်စင်း ဝဲသတင်းကို ချိတ်ဆက်ပြီး စုံစမ်းမေးမြန်းသွားဖို့ လိုပါတယ်” ဟု ကိုဝင်းခိုင်က ပြောကြားသည်။

ချင်းတွင်းမြစ် အတွင်းရှိ ဝဲများတွင် ရွှေစာရေးဝဲ၊ ပေဝဲ၊ လောင်းဂရိတ်ဝဲများသည် အဆိုးဆုံးဖြစ်ပြီး ရေကြီးချိန်နှင့် မြစ်ရေအတက်အကျ အပြောင်းအလဲရှိချိန်များတွင် ရေယာဉ်များအနေနှင့် ဂရုစိုက် သွားလာမောင်းနှင် သင့်သည်ဟု သိရသည်။

Most Read

Most Recent