စစ်ကိုင်းမြို့နယ်မှ မင်းကွန်းဒေသသို့သွားသည့် လမ်းပိုင်းအသစ်အား စတင်ဖောက်လုပ်နေ

စစ်ကိုင်းမြို့နယ်မှ မင်းကွန်းဒေသသို့သွားသည့် လမ်းပိုင်းအသစ်အား စတင်ဖောက်လုပ်နေ
Published 11 July 2018

စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသသို့သွားရာ လမ်းပိုင်းအသစ်အား ယခုလပထမပတ်မှ စတင်ကာ ဖောက်လုပ်နေကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

စစ်ကိုင်းမြို့မှ မင်းကွန်းဒေသသို့ လက်ရှိ ဧရာဝတီမြစ်ဘေး ဖောက်လုပ်ထားသော စစ်ကိုင်း-မင်းကွန်း ကားလမ်းသည် လမ်းကျဉ်းခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုများခြင်း၊ မတ်စောက်သော ချောက်ကမ်းပါးများ ရှိနေ၍ ယာဉ်အန္တရာယ်များခြင်း၊ မြစ်ရေတက်စဉ် ရေကျော်ခြင်း၊ အခါကြီးရက်ကြီး လပြည့်လကွယ်နှင့် ဥပုသ်နေ့များတွင် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသောကြောင့် သီတဂူ ဝိပဿနာ အကယ်ဒမီ -တောင်ညိုရွာ -ပယ်ငါးဆယ်ရွာ လမ်းမှတစ်ဆင့် စစ်ကိုင်း-မင်းကွန်းလမ်း လမ်းပိုင်းအသစ်ကို ဖောက်လုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

“မင်းကွန်းဒေသကိုသွားမယ့် ဒုတိယလမ်းကို အခုလပထမပတ်ကစပြီး ဖောက်နေပါပြီ။ အခုလမ်းပိုင်း ကျဉ်းနေလို့ စက်ယန္တရားတွေနဲ့ မြတ်နိုးသူ၊ ဂရိတ်ဝေါ ကုမ္ပဏီကနေ ကူညီပံ့ပိုးမှုနဲ့ လက်ရှိလုပ်ငန်းတွေ စတင်နေပါပြီ” ဟု စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။

လက်ရှိ အသစ်ဖောက်လုပ်နေသည့် လမ်းပိုင်းသည် သီတဂူဝိပဿနာ အကယ်ဒမီရှေ့ ကွန်ကရစ်လမ်းမှ တောင်ဖီလာဘုရား မုခ်ဦးရှေ့လမ်း -တောင်ညိုကျေးရွာ လမ်းတို့မှတစ်ဆင့် တောင်ကြားလမ်းအတိုင်း ပယ်ငါးဆယ်ကျေးရွာသို့ ဆက်သွယ်ထားပြီး ထိုမှတစ်ဆင့် မင်းကွန်းဒေသသို့သွားရန် ဖောက်လုပ်သွားမည် ဖြစ်ကြောင်း ယခုလမ်းပိုင်း ချဲ့ထွင်ခြင်း၊ မြေသားညှိခြင်း လုပ်ငန်းများကို မြတ်နိုးသူနှင့် ဂရိတ်ဝေါ ကုမ္ပဏီတို့မှ စက်ယန္တရား ကူညီပံ့ပိုးမှုဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။

စစ်ကိုင်းမြို့မှ မင်းကွန်းဒေသသို့ လမ်းကြောအသစ် ဖောက်လုပ်နေရာတွင် သီတဂူ ဝိပဿနာ အကယ်ဒမီ -တောင်ညိုရွာအထိ ၁ မိုင်၂ ဖာလုံမှာ သီတဂူဆရာတော်ကြီး၏ လှူဒါန်းမှုဖြင့် အသင့်ဖောက်လုပ်ပြီးဖြစ်သည့် ကွန်ကရစ်လမ်းဖြစ်ပြီး ကျန်လမ်းပိုင်း လေးမိုင်ဖြစ်သည့် တောင်ညိုမှ ပယ်ငါးဆယ်ထိလမ်းမှာ မြေသားလမ်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent