<

တရားမ၀င် ရွှေတူးဖော်မှုကို ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြစ်ဒဏ်မချမှတ် နိုင်ခြင်းသည် တရားရုံးများ အနေဖြင့် တရားမ၀င် ရွှေတူးဖော်မှုများကို အားပေးရာရောက်ကြောင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ပြောကြား

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမ၀င် လုပ်ကိုင်နေသည့် ရွှေတူးဖော်မှု လုပ်ငန်းခွင်တစ်ခုအား တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းက တရားမ၀င် ရွှေတူးဖော်မှုကို ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြစ်ဒဏ်မချမှတ်နိုင်ခြင်းသည် တရားရုံးများ အနေဖြင့် တရားမ၀င် ရွှေတူးဖော်မှုများကို အားပေးရာ ရောက်ကြောင်း ရှမ်းတိုင်းရင်းသားရေးရာ ၀န်ကြီးက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ်တွင် တရားမ၀င် ရွှေတူးဖော်မှု အများအပြားရှိကြောင်း ၎င်းအနေဖြင့် တရားမ၀င် ရွှေတူးဖော်မှုများ ဖမ်းဆီးအရေးယူ ထိန်းချုပ်နိုင်ရေးအတွက် ဟုမ္မလင်းမြို့နယ်ကို တာဝန်ယူထားကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသား ရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်က ဆက်လက်ပြောကြားသည်။

“တရားမ၀င် ရွှေတူးဖော်မှုတွေကို ဖမ်းတဲ့နေရာမှာ ပိုင်ရှင်မဲ့ ပိုင်ရှင်မဲ့လို့ ဖြစ်နေတာ။ လူတွေကိုမမိဘူး။ တရားမ၀င် ရွှေတူးဖော်တဲ့ စက်တွေကို ဖမ်းမိနေတော့ အဓိကတော့ ဒီလုပ်ငန်းကို ထိထိရောက်ရောက် လုပ်မယ်ဆိုလို့ရှိရင် ပိုင်ရှင်တွေကိုပါတွေ့အောင် ကျွန်မတို့က လုပ်ရမယ့် ကိစ္စဖြစ်တယ်။ နောက်တစ်ချက်ကကျတော့ အရင်တုန်းကလည်း ဖမ်းခဲ့တယ်။ ဖမ်းခဲ့ပြီးတော့ တရားရုံးကိုတင်တယ်။ ထိရောက်တဲ့ ပြစ်ဒဏ်မရှိဘူး။ ထိရောက်တဲ့ ပြစ်ဒဏ်မရှိခြင်းဟာလည်းပဲ တရားရုံးတွေအနေနဲ့ တရားမ၀င် လုပ်နေတာတွေကို အားပေးသလိုဖြစ်တယ်။ တရားမ၀င် ရွှေတူးဖော်မှုတွေကို ဖမ်းဆီးတဲ့နေရာမှာ တစ်နေရာတည်းမှာတင် ရက်သတ္တပတ်ခန့်ကြာအောင် လူအင်အားအပြည့် လုံခြုံရေးအပြည့်နဲ့ လုပ်သင့်တယ်လို့ ယူဆပါတယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် သတ္တုနှင့် ပတ်သက်သည့် ဥပဒေ ထွက်ရှိလာပြီဖြစ်ကြောင်း အဆိုပါ သတ္တုဥပဒေထဲတွင် တရားမ၀င် ရွှေတူးဖော်မှုလုပ်ငန်း လုပ်ကိုင်သူများအား ထောင်ဒဏ် ၁၀ နှစ်၊ ဒဏ်ငွေ ကျပ်သိန်း ၅၀ ဟု ပြဋ္ဌာန်းပါရှိကြောင်း ယင်းဥပဒေသည် အသက်မ၀င်ကြောင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်က ပြောကြားသည်။

 

July 10, 2018














Copy Protected by Chetan's WP-Copyprotect.