<

အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက ရဲကင်း၊ ရဲစခန်းများကို တစ်ချိန်တည်း တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးပြီး အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမား ခုနစ်ဦး၏ လောင်းများ ရထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်ထုတ်ပြန်ရေးကော်မတီ ထုတ်ပြန်

အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက ရဲကင်း၊ ရဲစခန်းများကို တစ်ချိန်တည်း တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးပြီး အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ခုနစ်ဦး၏ လောင်းများ ရထားကြောင်း ယနေ့ (သြဂုတ် ၂၅ ရက်) နံနက်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်ထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ခဲ့သည်။

သြဂုတ်လ ၂၅ ရက် ည ၁ နာရီအချိန်ခန့်မှ စတင်ပြီး မောင်တောခရိုင်အတွင်း ရဲစခန်းတစ်ခုအား လက်လုပ်မိုင်းများဖြင့် မိုင်းခွဲ တိုက်ခိုက်ခြင်းဖြင့် အစွန်းရောက် ဘင်္ဂါလီ အကြမ်းသမားများက တိုက်ခိုက်မှုများ စတင်ပြုလုပ်လာခဲ့ရာ နေရာအများအပြားရှိ ရဲကင်းများ၊ ရဲစခန်းများကိုလည်း တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်လာခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်ထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများသည် ည ၁ နာရီမှ စတင်၍ နတ်ချောင်း၊ တမန်းသား၊ ကွမ်းသီးပင်ချောင်းဝ၊ နံ့သာတောင်၊ နံ့သာတောင်ချောင်းဝ၊ မီးတိုက်ချောင်းဝ၊ ကျီးကျွန်း၊ ဇီးပင်ချောင်းဝ၊ လောင်းဒုံ၊ သီဟိုဠ်ကျွန်း၊ ဇင်ပိုင်ညာ၊ သရေကုန်းဘောင်၊ ပညောင်ပင်ကြီး၊ ရွှေရင်အေး၊ မြင်းလွတ်၊ အလယ်သံကျော်၊ ဥဒေါင်း (နတလ)၊ သင်္ဘောကွေ့၊ ချိန်ခါလီ၊ ကိုးတန်ကောက်၊ သဝန်ချောင်း၊ တောင်ဘဇာ၊ ဖောင်တောပြင်၊ မောင်တော (နတလ) စသည်တို့ရှိ ရဲကင်းများ၊ ရဲစခန်းများကို တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက ပြန်လည် တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ ကျဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့သည်။

“တစ်ညလုံး အိပ်မရဘူး၊ တိုက်ပွဲဖြစ်သံတွေ၊ သေနပ်ပစ်သံတွေ ဆက်တိုက် ကြားနေရတယ်။ ဘင်္ဂါလီရွာတွေကလည်း အော်ဟစ်ကြွေးကြော်သံတွေကို ကြားနေရတယ်။ ဘယ်လိုတွေဆက်ဖြစ်မလဲ ဆိုတာကို ကျွန်မတို့ အရမ်းစိုးရိမ်တယ်။ အကြမ်းသမားတွေကို အမြစ်ပြတ် မချေမှုန်းနိုင်ရင်တော့ ကျွန်မတို့ မောင်တောမြို့မှာတောင် မနေရဲတော့ဘူး ဖြစ်လာမှာပါ”ဟုလည်း မောင်တောမြို့မှ ဒေါ်မခင်ဝင်းက ပြောသည်။

အလားတူ ယနေ့ နံနက် ၃ နာရီခန့်တွင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၁၅၀ ခန့်သည် ခမရ (၅၅၂) ဂိတ်သို့ နှစ်ဖွဲ့ခွဲ၍ ဝင်ရောက်နိုင်ရန် ကြိုးပမ်းခဲ့ရာ တပ်မတော်သားများက ပြန်လည် တိုက်ခိုက်ခဲ့သည်။

လက်ရှိအချိန်အထိ ရဲတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ရပြီး သေနတ် ၂ လက် ပါသွားခဲ့ရကာ၊ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ခုနစ်ဦး၏ အလောင်းများကို ရရှိထားကြောင်း ကနဦး သတင်းများအရ သိရှိရသည်။

သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်အထိ နေရာအချို့တွင် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲဖြစ်ပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများကို ချေမှုန်းလျက်ရှိကြောင်း သိရှိရသည်။

ဒေါက်တာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်သည့်အချိန်နှင့် အချိန်ကိုက် အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်လာခြင်း ဖြစ်သည်ဟုလည်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်ထုတ်ပြန်ရေးကော်မတီ ထုတ်ပြန်ချက်အရ သိရှိရသည်။

 

August 25, 2017














Copy Protected by Chetan's WP-Copyprotect.