မောင်တောတောင်ပိုင်း သင်္ဘောကွေ့ကျေးရွာတွင် အခြေချနေထိုင်နေသည့် နေအိမ်များအား ဖြိုဖျက်ခံရပြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံထားရသူ ရွာသားနှစ်ဦး ဖမ်းဆီးခံရ

မောင်တောတောင်ပိုင်း သင်္ဘောကွေ့ကျေးရွာတွင် အခြေချနေထိုင်နေသည့် နေအိမ်များအား ဖြိုဖျက်ခံရပြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံထားရသူ ရွာသားနှစ်ဦး ဖမ်းဆီးခံရ
Published 10 July 2018

တရားဝင်တည်ထောင်ခွင့်မရှိဟု အာဏာပိုင်များက ပြောကြားသည့် သင်္ဘောကွေ့ကျေးရွာရှိ နေအိမ်များကို ရွှေ့ပြောင်းရန် စီစဉ်နေစဉ်

မောင်တောတောင်ပိုင်း သင်္ဘောကွေ့ကျေးရွာတွင် အခြေချနေထိုင်နေသည့် နေအိမ်များအား ဖြိုဖျက်ခံရပြီး ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ခံထားရသူ ရွာသားနှစ်ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

ဇူလိုင် ၉ ရက်နံနက်မှ စတင်ကာ အဆိုပါ ကျေးရွာရှိ နေအိမ်များအား ဖျက်သိမ်းရန် စီစဉ်နေခြင်းဖြစ်ပြီး ရွာသားများအား အင်းဒင်ကျေးရွာသို့ ပြောင်းရွှေ့ရန် အာဏာပိုင်များက ပြောကြားထားကြောင်း သိရသည်။

လက်ရှိတွင် နေအိမ်များမှာ ဖြိုဖျက်ခံလိုက်ရပြီး ကျေးရွာသားတချို့မှာ သက်ဆိုင်ရာမှ ပြောင်းရွှေ့ပေးမည့် အင်းဒင်ရွာသစ်တွင် မနေလိုသဖြင့် ကျောက်ပန်းတူကျေးရွာဘက်သို့ သွားနေကာ တချို့မှာ ကျေးရွာတွင်ပင် ရှိနေသေးကြောင်း သိရသည်။

“ကျွန်တော်တို့ နေအိမ်တွေကို ဖြိုဖျက်လိုက်ပါပြီ။ နေအိမ်တွေကို လူအင်အားအများကြီးနဲ့ ဖြိုတာပါ။ မီးသတ်အပါအဝင် တပ်ဖွဲ့ဝင် အင်အား တစ်ရာလောက် ပါပါတယ်။ အခုအိမ်မှာရှိတဲ့ ပစ္စည်းတွေကိုလည်း အားလုံးကို ကားနဲ့တင်ပါတယ်။ ကျွန်တော်တို့ကို အင်းဒင်ဘက်ကို ပို့မယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ အင်းဒင်ဘက်မှာ မနေချင်ဘူး။ အခု မနေချင်လို့ ကျွန်တော်တို့ မိသားစု အပါအဝင် လူနှစ်ဆယ်လောက် ကျောက်ပန်းတူရွာဘုန်းကြီး ကျောင်းမှာနေမယ်ဆိုပြီး သွားနေပါတယ်။ တချို့ကတော့ ရွာမှာပဲ ကျန်နေခဲ့ပါတယ်။ အိမ်အားလုံးဖြိုလို့ မပြီးသေးပါဘူး။ ကျွန်တော်တို့ရွာက ဦးထွန်းမြင့်ဦးနဲ့ သူ့မိန်းမ အဖမ်းခံရပါတယ်။ ကျွန်တော်တို့က အဖမ်းခံဖို့ အဆင်သင့်ပါ။ အခုက အဖမ်းလည်းခံရတယ်။ ရွာကိုလည်း အဖျက်ခံရတယ်ဆိုတာ ခံပြင်းမိပါတယ်။ အခုကလေးလသား အရွယ်တွေနဲ့ ဘယ်ကိုသွားပြီး ဘယ်မှာနေမှာလဲ။ စဉ်းစားမရတော့ ပါဘူး။ ဒါပေမဲ့ သင်္ဘောကွေ့ရွာမှာ နေချင်ပါ တယ်။ ရှေ့ဆက်ဘယ်လိုလုပ်ရမလဲဆိုတာ မသိပါဘူး။ ကျွန်တော်တို့က သံတွဲဆင်ခေါင်း ကနေ မောင်တောဒေသကိုချစ်လို့ ကိုယ့်ရေ ကိုယ့်မြေကို ကာကွယ်ပြီးနေဖို့ လာတာပါ။ ငါးရှာရောင်းတယ်။ ဟင်းရှာရောင်းစားပါတယ်။ အခုတော့ ဘဝပျက်ရပါပြီ။ အခုလည်း အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်လာကြတာပါ” ဟု သင်္ဘောကွေ့ကျေးရွာသား ဦးကျော်ဝင်းက ပြောကြားသည်။

ဖမ်းဆီးခံထားရသည့် ဦးထွန်းမြင့်ဦးက “ကျွန်တော့်ကိုလည်း ဖမ်းထားပြီ။ သူတို့မှာ ညှိနှိုင်းရေးလမ်းစဉ် မပါဘူး။ ကျွန်တော့်မိန်းမ ဒေါ်ဥမ္မာကျော်ကိုလည်း ဖမ်းထားပါပြီ။ ဘာကြောင့် ဖမ်းတာလဲ ဆိုတာလည်း မပြောဘူး။ ကျွန်တော်တို့ကို အင်းဒင်ရဲစခန်းကို ခေါ်သွားမှာ ဖြစ်ပါတယ်။ အခုလမ်းမှာပဲ ရှိပါသေးတယ်” ဟု ပြောကြားသည်။

လက်ရှိနေရာတွင် နေလို့မရသည့်အတွက် အင်းဒင်ရွာသစ်ကို ပြောင်းရွှေ့ရမည်ဖြစ်ပြီး နေရေး၊ စားရေးအတွက် အဆင်သင့်ပြင်ဆင်ထား ကြောင်း၊ အင်းဒင်ရွာသစ်ကို မပြောင်းရွှေ့လိုဘဲ လက်ရှိနေရာတွင်သာ နေလိုလျှင်လည်း ဥပဒေနှင့်အညီ ရွာတည်ခွင့်ရသည့်အချိန် ပြန်လာနေထိုင်နိုင်ပြီး လက်ရှိတွင် ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း သင်္ဘောကွေ့ ကျေးရွာသားများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောကြားသည်။

သင်္ဘောကွေ့ကျေးရွာမှ နေအိမ်များကို ဖယ်ရှားနေစဉ်

“ကိုယ့်ဌာနေ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး မောင်တောကို ချစ်ပါတယ်ဆိုရင် ကျွန်တော်တို့ထားတဲ့ နေရာမှာနေ။ ကျွန်တော်တို့ အင်းဒင်ရွာသစ်ကို ရွှေ့ပေးမယ်။ ဆောက်ဖို့ တဲပေးမယ်။ စားဖို့ ရိက္ခာပေးမယ်။ လိုအပ်တဲ့ ပန်းကန်ခွက်ယောက်ကအစ စီစဉ်ပေးထားပြီ။ မဟုတ်ဘူး၊ ဒီနေရာကိုမှ နေချင်သပဆိုရင် ကျွန်တော် ပြောထားပြီးပြီ။ ဥပဒေနဲ့ တင်ပြတောင်းခံလို့ ဒီနေရာမှာ ရွာတည်ခွင့်ရတယ်ဆိုရင် အဲဒီအခါ ပြန်လာခဲ့။ မိမိဘယ်ရွာကလာတယ်။ ဘယ်မြို့နယ်ကလာတယ်။ အဲဒီမြို့နယ်အတွင်းကို ခဏလေးပြန်နေ။ ချစ်ပါတယ်ဆိုရင် အဲဒီအခါ ပြန်လာခဲ့။ ကျွန်တော်ပြောတာ ရှင်းရှင်းလေး။ ဒီရွာက လက်ရှိနေလို့ မရတဲ့အတွက် ထွက်ခွာပေးရမယ်။ ကျွန်တော်တို့ လူအင်အားနဲ့ လာတာသည် ခင်ဗျားတို့ကို ဖျက်ဆီးဖို့ မဟုတ်ဘူး။ ခင်ဗျားတို့ကို ကူပြီးရွှေ့ဖို့။ ကျွန်တော်တို့ ရွာသစ်နေရာကို ရွှေ့ပေးမယ်။ မရွှေ့ခင်မှာ ကျွန်တော်တို့က ရွာသစ်နေရာကို မသွားချင်ပါဘူး။ ကိုယ့်ဒေသကိုပဲ ရသေ့တောင်က လာတဲ့လူတွေဆိုရင် ရသေ့တောင်ကရွာကိုပဲ ပြန်ချင်တယ် ဆိုရင်လည်း ပြန်ပါ။ ပြီးမှ ရွာသစ်တည်ပြီးတဲ့အချိန် စိတ်တိုင်းကျရင် ပြန်လာခဲ့ပါ။ ဒါမြို့နယ် အုပ်ချုပ်ရေးမှူးအနေနဲ့ လာတဲ့လူသည် ကိုယ့်တိုင်းရင်းသား၊ ကိုယ့်မိသားစု၊ ကိုယ့်အုပ်ချုပ်မှု အောက်မှာရှိတယ်။ အားလုံးစောင့်ရှောက်ပေးမယ်။ လက်ရှိနေရာကတော့ နေလို့မရတဲ့အတွက် အင်းဒင်ရွာသစ်ကို ရွှေ့ရမယ်။ ဝိုင်းကူရွှေ့ပေးပါမယ်။ တဲတွေထိုးဖို့ အဆင်သင့်ပါ။ ပန်းကန်ခွက်ယောက်တွေ အားလုံးပါပါတယ်။ လိုအပ်တဲ့ဟာ ကျွန်တော်တို့ ကူညီပေးမယ်။ ဒါ ကျွန်တော်တို့တာဝန်။ ဒါမှမဟုတ် ခင်ဗျားတို့က လာတဲ့နေရာကို ပြန်ချင်သပဆိုရင် အငူမော်ထိ လိုက်ပို့ပေးမယ်။ လာတဲ့နေရာပြန်ပါ။ အဆင်သင့်ဖြစ်တဲ့ အချိန်လာပါ။ ကျွန်တော်တို့ တိုင်းရင်းသားတွေကို ဖိတ်ခေါ်ပါတယ်။ သို့သော် စည်းကမ်းရှိတဲ့ အုပ်ချုပ်ရေးရဲ့ပြောတဲ့စကားကို နာခံတဲ့သူတွေ ဖြစ်သင့်တယ်။ စည်းကမ်းရှိတဲ့သူ အားလုံးကို ကြိုဆိုတယ်။ သို့သော် ရောက်တဲ့အခါမှာ အုပ်ချုပ်ရေးမှ စီမံပေးတဲ့ အစိုးရရဲ့ စီမံပေးတဲ့နေရာမှာနေပါ။ မိမိကြိုက်တဲ့နေရာကို ဝင်သွား၊ မိမိလုပ်ချင်သလို လုပ်လို့မရပါဘူး” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောကြားသည်။

သင်္ဘောကွေ့ကျေးရွာ ဖယ်ရှားခြင်းနှင့် ပတ်သက်ပြီး ဝေဖန်မှုများ မြင့်တက်လျက်ရှိပြီး မောင်တောမြို့နယ် မြောက်ပိုင်းထက် တောင်ပိုင်းတွင် တိုင်းရင်းသားများသာ စုစည်းနေထိုင်ရေးအတွက် တိုင်းရင်းသားများ လိုလားကြကြောင်းနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် နယ်မြေလုံခြုံရေးအတွက် ဘင်္ဂါလီများကို ပြန်လည်နေရာချထားခြင်း မပြုသင့်ကြောင်း အဆိုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော်က အတည်ပြု ထားကြောင်းလည်း သိရသည်။

သင်္ဘောကွေ့ကျေးရွာကို ဦးဆောင်တည်ထောင်သူများဖြစ်သည့် ဦးထွန်းမြင့်ဦး၊ ဦးအောင်နိုင်နှင့် ဒေါ်ဥမ္မာကျော်တို့ကို မောင်တောမြို့နယ် တရားရုံးက ဇူလိုင် ၈ ရက်က ဆင့်ခေါ်စာပို့ခဲ့သည်။ ဘင်္ဂါလီများ နေထိုင်ခဲ့သည့်နေရာတွင် နေအိမ်များ ဆောက်လုပ်နေသည်ဟု နိုင်ငံတကာမှ စွပ်စွဲလာမည် သို့မဟုတ် ဖိအားပေးလာမည်ကို စိုးရိမ်၍ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးမှ တစ်ပတ်အတွင်း ဖယ်ပေးရန် ဇူလိုင် ၃ ရက်က သင်္ဘောကွေ့ရွာသားများကို ပြောဆိုခဲ့သည်။ အဆိုပါ ဦးဆောင်သူများကို ဆင့်ခေါ်ရန် မောင်တောမြို့နယ် စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ခိုင်က တရားရုံးသို့ ဦးတိုက်လျှောက်ကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ထားကြောင်းလည်း သိရသည်။

သင်္ဘောကွေ့ကျေးရွာသည် မောင်တောမြို့နယ်တောင်ပိုင်းစွန်း အင်းဒင်ကျေးရွာအုပ်စုတွင် တည်ရှိပြီး ရခိုင်ပြည်နယ် မြို့နယ်ခြောက်ခုမှ တိုင်းရင်းသားများက လာရောက်အခြေချ နေထိုင်လာခြင်းဖြစ်ပြီး သင်္ဘောကွေ့ ကျေးရွာတွင် အိမ်ထောင်စု ၄၈ စု လူဦးရေ ၂၀၀ ကျော် ရှိကြောင်းလည်း သိရသည်။

Most Read

Most Recent