ဇူလိုင် ၉ ရက်က နေပြည်တော်တွင်(၁၆)ကြိမ်မြောက် UPDJC အစည်းအဝေး ကျင်းပနေစဉ်
မိမိတို့လက်ထက်အထိ လက်ဆင့်ကမ်း လွှဲပြောင်းပေးခဲ့သည့် ပဋိပက္ခနှင့်အတူ ရင်ထဲသို့ အာဃာတ တရားများကို လွှဲပြောင်းပေးခံရခြင်း မျိုးမဖြစ်အောင် အထူးသတိထားရန်လိုကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC ) ဒုတိယ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။ နေပြည်တော် NRPC တွင် ဇူလိုင် ၉ ရက်ပြုလုပ်သည့် (၁၆)ကြိမ်မြောက် UPDJC အစည်းအဝေး အဖွင့်အမှာစကား ပြောကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
“တကယ်တမ်းပြောရရင် ကျွန်တော်တို့ရဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို ဖန်တီးခဲ့တဲ့လူတွေဟာ ကျွန်တော်တို့ အခုထိုင်နေတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ လက်ထက်အထိ လက်ဆင့်ကမ်းလွှဲပြောင်းပေးခဲ့တဲ့ ဒီပဋိပက္ခနဲ့အတူ ကျွန်တော်တို့ ရင်ထဲကို အာဃာတ တရားတွေကိုပါ လွှဲပြောင်းပေးခံရတာမျိုးမဖြစ်အောင် အထူးပဲ သတိထားဖို့ လိုပါတယ်။ ပဋိပက္ခတွေရဲ့ အဓိကဇာစ်မြစ်ဖြစ်တဲ့ နိုင်ငံရေး ပြဿနာပြေလည်အောင် ဒီကနေ့ ကျွန်တော်တို့ ကြိုးပမ်းနေကြတာပဲ ဖြစ်ပါတယ်။ ပြစ်တင်ခြင်း၊ ဝေဖန်ခြင်း၊ လက်ညှိုးထိုးခြင်းဟာ ပဋိပက္ခတွေကို ပြေလည်အောင် ဆောင်ရွက်ရာမှာ အထောက်အကူမပြုနိုင်ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ ယနေ့အထိ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ မချုပ်ငြိမ်းနိုင်သေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့ လက်ထက်မှာ ပြဿနာတွေ ချုပ်ငြိမ်းစေအောင် ကြိုးပမ်းနေကြခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ UPDJC ဟာ ပြဿနာတွေကို ဖန်တီးတာမဟုတ်ဘဲနဲ့ ပြဿနာတွေကို ပြေလည်အောင် ကြိုးပမ်းနေခဲ့တဲ့ အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။ အတိတ်ကိုပြန်ပြီး အသက်သွင်းနေကြရင် အတိတ်ရဲ့ အရိပ်အောက်မှာပဲ ရောက်နေမှာဖြစ်တဲ့အတွက် UPDJC ခန်းမထဲကို ဝင်ရောက်လာတဲ့ အချိန်မှာ အတိတ်သင်ခန်းစာယူပြီး အနာဂတ်ကို မျက်နှာမူကြပါစို့လို့ မေတ္တာရပ်ခံလိုပါတယ်။ ဒီနေရာမှာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတဲ့ နိုင်ငံရေး စိတ်ရင်းဆန္ဒကို အခြေခံပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို ချဉ်းကပ်ကြဖို့ လိုအပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။
ထို့ပြင် မတူညီကွဲပြားသည့် နိုင်ငံရေးခံယူချက်များရှိသည့် မိမိတို့အားလုံး၏ လိုလားချက်သည် အနာဂတ်တွင် ထွက်ပေါ်လာမည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ကြောင်း၊ အဆိုပါပြည်ထောင်စုကို မည်သို့တည်ဆောက်မည်၊ မည်သည့်ပြည်ထောင်စုမျိုး ဖြစ်စေချင်သည်ကို အစုအဖွဲ့အသီးသီးတွင် စိတ်ကူးပုံဖော်ထားမှုများရှိကြောင်း၊ သို့သော် တစ်ထပ်တည်း ကျမည်မဟုတ်ကြောင်း၊ ကွဲပြားမှုများထဲမှ တူညီမှုများရှိပြီး ဘုံတူညီချက်များ ချမှတ်ရာတွင် အစုအဖွဲ့အားလုံးအနေဖြင့် မိမိတို့မျှော်လင့်သကဲ့သို့ ရာနှုန်းပြည့် ရနိုင်မည်မဟုတ်ကြောင်း ၎င်းငက ပြောကြားသည်။
UPDJC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက “ဒီပြည်တွင်း စစ်ဒဏ်ကို အများဆုံးခံနေတာ အားလုံးသိတဲ့အတိုင်း တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းစစ်ကြီးကို အမြန်ဆုံးချုပ်ငြိမ်းဖို့အဆွက် အလိုလားဆုံး အစုအဖွဲ့ကတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးကလည်း ငြိမ်းချမ်းရေးကို လိုလားပါတယ်။ ဒီလိုလားတဲ့ ငြိမ်းချမ်းရေးကို ကျွန်တော်တို့အားလုံးဝိုင်းပြီးတော့ ဖော်ဆောင်နိုင်ဖို့အတွက်ကြီးလေးတဲ့ သမိုင်းပေးတာဝန်ကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီက တာဝန်ယူထားတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီကော်မတီဟာ တစ်ခါတလေကျမှ ကျင်းပတဲ့ အစည်းအဝေးပုံစံမဟုတ်ဘဲနဲ့ ကျွန်တော်တို့ အားလုံးက ပူးပေါင်းပြီးတော့ ဒီပြည်ထောင်စုကြီးရဲ့ ပြဿနာကို အတူတကွဖြေရှင်းနိုင်ဖို့ ဝိုင်းဝန်းပြီးတော့ ပူးတွဲဖွဲ့စည်းတဲ့ ကော်မတီ တစ်ရပ်အနေနဲ့လည်း ဝိုင်းပြီးတော့ အဖြေရှာနိုင်ဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောကြားသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ယခုငြိမ်းချမ်းရေးဖြစ်စဉ်မှ ပြည်ထောင်စုသဘောတူစာချုပ်ကို ချုပ်ဆိုသည့်အခါ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံများ တင်ပြခဲ့ကြောင်း၊ ပထမဦးဆုံးအကြိမ် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် မိမိတို့ တိုင်းရင်းသားများ လိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး အခြေခံမူရှစ်ချက်ကို တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ အခြေခံမူများကို တစ်ခုပြီး တစ်ခုရရှိအောင် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုသဘောတူစာချုပ်ကို ချုပ်ဆိုပြီး တိုင်းရင်းသားများ၏ အနာဂတ်ကို နိုင်ငံရေးအရ အာမခံချက်ပေးနိုင်သော ပြည်ထောင်စုကြီးကို ထူထောင်ရန်အတွက်ဆိုပါက ပြည်ထောင်စုသဘောတူစာချုပ်သည် အရေးကြီးသည့် အချက်များဖြစ်ကြောင်း UPDJC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။