ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာတွင် ပထမအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများ စတင်ကြေညာ

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာတွင် ပထမအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများ စတင်ကြေညာ
Published 10 July 2018

တာမွေကြီး (ခ) ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာထားသည့်မဲစာရင်းကို ကြည့်ရှုနေသူများအား တွေ့ရစဉ်  (ဓာတ်ပုံ-မျိုးမင်းထက်)

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ ရုံးများ၌ မဲဆန္ဒရှင်အမည်စာရင်းများကို ဇူလိုင် ၉ ရက်မှစတင်ကာ ကပ်ထားကြေညာလျက်ရှိသည်။

မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၉ ရက်မှ ၂၂ ရက်အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာရပ် ကွက် / ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာမည် ဖြစ်သည်။

တာမွေကြီး (ခ) ရပ်ကွက်တွင် နေထိုင်သည့် ဦးဝင်းမောင်က “အခုလာကြည့်ရတာက အဆင်ပြေတယ်။ ဘာမှ အခက်အခဲ မရှိဘူး။ ဒါပေမဲ့သော်လည်းကောင်း မပါတဲ့ဥစ္စာတွေကို ကျွန်တော်တို့ ပြန်ရှာရမယ်။ ဒီအပြင် တစ်နေရာမှာ ပြန်ပါတတ်လို့။ နောက်သေတဲ့ ဥစ္စာတွေကို မဖယ်ထားမိတဲ့ဟာတွေ သေတဲ့သူတွေပါ ပြန်ပါနေတယ်။ အဲဒါပါပဲ။ ဒါလည်း ပယ်ဖျက်ဖို့ လုပ်သွားမယ်။ ကျန်တာဘာမှ အခက်အခဲမရှိပါဘူး” ဟု The Daily Eleven သတင်းစာကို ပြောကြားသည်။

ထိုကဲ့သို့ မဲစာရင်း၌ သေဆုံးသူများ ပါဝင်နေခြင်းနှင့်ပတ်သက်ပြီး တာမွေကြီး (ခ) ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်အေးက “ဒါ ဦးတို့က ဒီနေ့က အခြေခံမဲစာရင်းခေါ်တာကို။ ဒီမဲစာရင်းတွေက ၂၀၁၅ ရွေးကောက်ပွဲက မဲစာရင်းကို အခြေခံပြီးတော့ ကပ်ထားတာ။ ဆိုတော့ တချို့ဆို ၂၀၁၅ နောက်ပိုင်းမှ ကွယ်လွန်သွားတာ ဆိုရင်တော့လည်း မဲစာရင်းထဲ ပါကောင်းပါ နိုင်တယ်။ ဆိုတော့ အဲဒါလေးတွေက လာကြည့်တဲ့သူတွေက ဒီလူကတော့ဖြင့် ကွယ်လွန်သွားပါပြီဆိုရင် ဦးတို့က သတ်မှတ်တဲ့ပုံစံ နဲ့ဖြည့်၊ သူကို မဲစာရင်းကနေ ပယ်ဖျက်ရမှာပေါ့။ လာမကြည့်ဘူး၊ သက်ဆိုင်သူ ကာယကံရှင်က လာမပြောဘူးဆိုရင်လည်း ဦးတို့ရဲ့ ကော်မရှင်အဖွဲ့ဝင်တို့၊ သက်ဆိုင်ရာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့က ဒီလိုသိတဲ့သူကပဲ ပယ်ဖျက်ပြီးတော့ မဲစာရင်းကနေပြီးတော့ ထုတ်ပယ်ရမှာပေါ့” ဟု The Daily Eleven သတင်းစာကို ပြောကြားသည်။

တာမွေကြီး (ခ) ရပ်ကွက်တွင် မဲပေးပိုင်ခွင့်ရှိသူဦးရေးမှာ ၈၀၀၀ ကျော်ရှိကြောင်းနှင့် လူထုအနေဖြင့် မဲစာရင်းအပေါ် စိတ်ဝင်စားမှုရှိကြောင်းလည်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်အေးက ဆိုသည်။

“ဒီကနေ့ စကပ်တယ်။ ၂၂ ရက်အထိအောင် ၁၄ ရက်ကပ်မယ်။ အဲဒီအကြောင်းတွေကိုလည်း မနေ့ညက ရပ်ကွက်ထဲကို ပြည်သူတွေသိအောင် အသံချဲ့စက်နဲ့ လိုက်ပြီးတော့ ကြေညာထားတယ်။ အခု မနက် ၁၀ နာရီခွဲ၊ ၁၁ နာရီလောက်အထိတော့ ၁၅ ဦး၊ ၂၀ လောက်တော့ လာကြည့်ပြီ။ ၁၅ ဦး၊ ၂၀ ဆိုပေမဲ့လို့ သူက အိမ်ထောင်စုတစ်ခုမှာတစ်ဦး လာကြည့်ရင် သူ့အိမ်ထောင်စုနဲ့ တစ်ဦးကို လေး၊ ငါးယောက်လောက် ကြည့်သွားမယ်ဆိုရင်တော့ လူတစ်ရာသာသာလောက်တော့ ကြည့်သွားပြီးတဲ့ သဘောပါပဲ။ ဒီနှုန်းလေးနဲ့ သွားမယ်ဆိုရင် ဒါက စိတ်ဝင်စားတယ်လို့လည်း ပြောလို့ရပါတယ်” ဟု ဦးတင်အေးက ဆက်လက်ပြောကြားသည်။

မဲဆန္ဒရှင်များအနေဖြင့် မဲဆန္ဒရှင်စာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်စေလိုကြောင်း၊ လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူနိုင်ကြောင်း၊ ထိုသို့ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း နောက်ဆုံးအကြိမ်ဖြစ် ၁၄ ရက်ကြာ ထပ်မံကြေညာမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့်လည်း လိုအပ်သောတောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ်ကို နိုဝင်ဘာ ၃ ရက်တွင် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာ၌ ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များမှာ ကန်ပက်လက်၊ လဲချား၊ တာမွေ၊ မြင်းခြံတို့ဖြစ်ပြီး လစ်လပ်အမျိုးသားလွှတ်တော်မဲ ဆန္ဒနယ်မှာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒအမှတ် (၂) (အကျုံးဝင်သော မြို့နယ် မြစ်ကြီးနား) ဖြစ်သည်။

ထို့အတူ လစ်လပ်တိုင်းဒေသကြီး /ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များမှာ မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းနှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တို့ ဖြစ်သည်။

Most Read

Most Recent