နှစ်နှစ်ကြာပိတ်ထားသည့် သတ္တုတွင်းလုပ်ငန်းလိုင်စင်ချထားပေးမှုကို ပြန်လည်ခွင့်ပြုရန် ဆောင်ရွက်နေမှုအား ခွင့်မပြုသင့်သေးဟုဆို

နှစ်နှစ်ကြာပိတ်ထားသည့် သတ္တုတွင်းလုပ်ငန်းလိုင်စင်ချထားပေးမှုကို ပြန်လည်ခွင့်ပြုရန် ဆောင်ရွက်နေမှုအား ခွင့်မပြုသင့်သေးဟုဆို
Published 10 July 2018

ဖားကန့်ဒေသ လုံးခင်းကျေးရွာအုပ်စုအတွင်းရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်တစ်နေရာကို ၂၀၁၇ခုနှစ် နိုဝင်ဘာလအတွင်းက တွေ့ရစဉ်

နှစ်နှစ်ကြာပိတ်ထားသည့် သတ္တုတွင်း လုပ်ငန်းလိုင်စင်ချထားပေးမှုကို ပြန်လည်ခွင့် ရန် ဆောင်ရွက်နေမှုအား ခွင့်မပြုသင့်သေး ကြောင်း EITI (Extractive Industries Transprency Initiative) သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့မှ အရပ်ဘက်လူမှုအဖွဲ့ကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်းက ပြောကြားသည်။

“နောက်ထက် သတ္တုတွင်းလိုင်စင်အသစ်တွေ ချပေးမယ်လို့ပြောတယ်။ လိုင်စင်တွေချပေးတာ ကိစ္စမရှိဘူး။ ကျွန်မတို့ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ စိုးရိမ်တယ်။ ဒီအစိုးရလက်ထက်မှာ ပထမရပ်ထားသေးတယ်။ ပြောင်းလဲမှုတွေ လိုသေးတယ်။ အစိုးရက ရဲရဲရင့်ရင့်ပြောင်းဖို့ လိုသေးတယ်။ EITI အစီရင်ခံစာထဲမှာ ပါတာကတော့ ၂၀၁၄-၂၀၁၅ နဲ့ ၂၀၁၅-၂၀၁၆ မှာ လုပ်ကိုင်ခွင့်ချထား ပေးပါဆိုတော့ပေးတယ်။ တချို့က ဥပဒေကို လက်တစ်လုံးခြား လုပ်ထားတာတွေကို တွေ့တယ်။ ဧက ၅၀နှင့်အထက်ဆို အကြီးစားဖြစ်တဲ့အတွက် ၄၉ ဒသမ ၅ ဧကဆိုပြီးတော့ လုပ်ကွက်တွေကို ကပ်ရပ်ယူထားတယ်။ ဒီဟာက အကြီးစားပဲ၊ အဲဒါတွေကိုပြောခဲ့တယ်။ ဆရာတို့ မသိတာလား၊ သတ္တုတွင်းက မသိချင်ယောင်ဆောင်နေတာလား၊ ဘယ်သူတွေက လုပ်ကွက်တွေကို ကပ်ရပ်ယူထားလဲဆိုတာ သိတယ်။ လိုင်စင်အသစ်ချထားပေးတာ အဖြေမဟုတ်ဘူး။ အခုလောလောဆယ် မြေပြင်မှာ ဝန်ထမ်းတွေမရှိဘူး၊ ရှိနေတဲ့ ဝန်ထမ်းတွေကလည်း ကြီးကြပ်နိုင်စွမ်းမရှိဘူး။ ဒါတွေ ကြောင့်ပြသနာဖြစ်နေတာ၊ အသေးစားဆိုပြီး လုပ်ကွက် ကပ်ယူထားတဲ့သူတွေကို အကြီးစားအဖြစ်ပြောင်းအောင် တွန်းအားအရင်ပေးသင့်တယ်။ အဲ့ဒါပြီးတော့ လုပ်ကိုင်ခွင့်ပါမစ် အသစ်ချထားသင့်တယ်လို့ ပြောထားတယ်။ ကျွန်မတို့ ဘယ်လောက်ပြောပြော လိုက်လုပ်ရမှာက အစိုးရတာဝန်ဖြစ်တယ်” ဟု သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့မှ အရပ်ဘက်လူမှုအဖွဲ့ကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်းက ပြောကြားသည်။

နှစ်နှစ်ကြာ ပိတ်ထားသည့် သတ္တုတွင်း လိုင်စင်ချထားပေးမှုကို ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ လျှောက်လွှာများ ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း သတ္တုတွင်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်သက်က ပြောကြားထားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ခွင့်ပြုမိန့်ထုတ်ပေးထားသည့် သတ္တုတွင်းလုပ်ငန်းပေါင်း ၁၃၉၃ တွင်းရှိပြီး အကြီးစား ၁၄၈ တွင်း၊ အသေးစား ၇၈၅ တွင်း၊ စမ်းသပ် ၃၂၃ တွင်း၊ စမ်းသပ်ဖြစ်မြောက် ၂၃ တွင်း၊ လက်လုပ်လက်စား ၂၂ တွင်းနှင့် အသေးစား ဆင့်တက် ၉၂ တွင်း ခွင့်ပြုထားကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းအမျိုးအစားများနှင့် သက်ဆိုင်သော အခွန်အခရငွေအားလုံး၏ သုံးရာခိုင်နှုန်းကို သတ္တုကဏ္ဍမှကောက်ခံရရှိကြောင်း၊ အစိုးရအနေဖြင့် သတ္တုကဏ္ဍထံမှ မြန်မာကျပ်သန်းပေါင်း ၉၈၅၈၃ ကို ကောက်ခံရရှိခဲ့ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် သတ္တုကဏ္ဍမှ ကုမ္ပဏီပေါင်း ၂၈ ခုအား စာရင်းတိုက်ဆိုင် စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံ၏ သတတ္တုကဏ္ဍမှ ရရှိသော အခွန်ဘဏ္ဍာငွေအားလုံး၏ ၄၀ ရာခိုင်နှုန်းကိုလွှမ်းခြုံကြောင်း၊ အဆိုပါ ကုမ္ပဏီများသည် အစိုးရသို့ အခွန်ငွေအနည်းဆုံး မြန်မာကျပ်သန်းပေါင်း ၂၅၀နှင့် အထက် ပေးဆောင်သည့်ကုမ္ပဏီများဖြစ်ကြောင်း  EITI ၏ တတိယအကြိမ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most Read

Most Recent