ဘူးသီးတောင်မြို့နယ်ဆေးရုံတွင် JICA အဖွဲ့အကူအညီဖြင့် သွေးလှူဘဏ်ငယ်အသစ် တည်ဆောက်နေပြီး လျှပ်စစ်မီးလိုအပ်ချက်အတွက် ဆိုလာစနစ်တပ်ဆင်အသုံးပြုမည်

ဘူးသီးတောင်မြို့နယ်ဆေးရုံတွင် JICA အဖွဲ့အကူအညီဖြင့် သွေးလှူဘဏ်ငယ်အသစ် တည်ဆောက်နေပြီး လျှပ်စစ်မီးလိုအပ်ချက်အတွက် ဆိုလာစနစ်တပ်ဆင်အသုံးပြုမည်
Published 10 July 2018

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဆေးရုံတွင် သွေးလှူဘဏ်ငယ်အသစ် တည်ထောင်ရေးအတွက် JICA အဖွဲ့ အကူအညီဖြင့် ဆောင်ရွက်နေပြီး လျှပ်စစ်မီးလိုအပ်ချက်အတွက် ဆိုလာစနစ် တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

“ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေ နဲ့ ရခိုင်ဒေသမှာ ဆေးရုံဆေးခန်းများဟာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူသူတိုင်းအတွက် အကာအကွယ်ပေးထားတဲ့နေရာတွေဖြစ်ကြောင်း အသိပေးကြေညာပြီး လူမျိုးဘာသာမခွဲခြားဘဲ ဆေးကုသမှုတွေ ပေးနေပါတယ်။ လက်ရှိ စစ်တွေ၊ သက္ကယ်ပြင်၊ မြောင်းဘွေ၊ ဘူးသီးတောင်၊ စေတီတောင်နဲ့ မောင်တောဆေးရုံတွေမှာ ဆေးကုသမှုတွေပေးနေပါတယ်။ လေးလအတွင်း ပြင်ပလူနာနဲ့ အတွင်း လူနာပေါင်း ၁၄၀၀၀ ကျော်ကို ဆေးကုသပေးပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး ကျွန်တော်တို့ဘူးသီးတောင်ဆေးရုံမှာ JICA အဖွဲ့ အကူအညီနဲ့ သွေးလှူဘဏ်ငယ်တစ်ခုလုပ်ဖို့ စီစဉ်နေပါတယ်” ဟု ရခိုင်ပြည်နယ်မြောက်ပိုင်း ရွေ့လျားဆေးကုသမှုအစီအစဉ်တွင် ပါဝင်သည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်မြို့နယ် ဆေးရုံ၌ အချုပ်သားလူနာဆောင် (Guard Ward)  တစ်ခု ထူထောင်နိုင်ရန်လည်း စီစဉ်ထားပြီး အကျဉ်းထောင်မှ လူနာများ ဆေးကုသရန် လိုအပ်ပါက လွှဲပြောင်းကုသနိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

လက်ရှိ စစ်တွေအထွေထွေရောဂါကု ဆေးရုံကြီး၌ အချုပ်သားလူနာ ဆေးကုသမှု လုပ်ငန်းအတွက် အချုပ်သားလူနာဆောင်အား ကျား၊ မ ခွဲခြား၍ စီစဉ်ထားရှိပြီးဖြစ်ကြောင်း၊ စစ်တွေအကျဉ်းထောင်မှ လူနာများ အရေးပေါ်ကုသရန်နှင့် ဆေးရုံတက်ရောက်ရန် လိုအပ်ပါက စစ်တွေအထွေထွေရောဂါကု ဆေးရုံကြီးမှ လူနာတင်ယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်ကာ ဆေးကုသပေးလျက်ရှိကြောင်းနှင့် ဘူးသီးတောင်မြို့နယ် ဆေးရုံ၌ အချုပ်သားလူနာဆောင်တစ်ခုကိုလည်း ထူထောင်နိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။

ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရတို့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော လူ့အဖွဲ့အစည်းများအား ဘာသာရေး၊ လူမျိုးရေး၊ ကျား /မဆိုင်ရာ သို့မဟုတ် နိုင်ငံသားဖြစ်တည်မှုတို့အပေါ် အခြေခံသည့် ခွဲခြားမှုများကို မပြုလုပ်ဘဲ ထိုအဖွဲ့အစည်းများအားလုံး တူညီသော ကျန်းမာရေးဆိုင်ရာ ဆေးကုသခွင့်များ တစ်ပြေးညီရရှိရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် ဆေးရုံများအားလုံး၌ မည်သည့်လူမျိုးဖြစ်စေ၊ မည်သည့်ဘာသာ ကိုးကွယ်သည်ဖြစ်စေ၊ ကျား /မ ဖြစ်စေ၊ မည်သည့်နိုင်ငံသားဖြစ်စေ ဆေးကုသခွင့် ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ထိုသို့ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ဆေးရုံများနှင့် ကျန်းမာရေးဌာနများအားလုံးသို့ ညွှန်ကြားချက်များ ထပ်မံထုတ်ပြန်သွား ရန်ရှိကြောင်းနှင့် ရွေ့လျားဆေးအဖွဲ့များဖြင့် ဆေးကုသပေးခြင်းနှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာ၌လည်း ခွဲခြားမှုမျိုးမရှိစေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်နယ်၊ ခရိုင်၊မြို့နယ်နှင့် အောက်ခြေအဆင့်များ အားလုံးသို့ ညွှန်ကြားချက်များ ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent