ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ကာ/လုံ အစည်းအဝေး ခေါ်ယူပေးရန်နှင့် အဆိုကို မှတ်တမ်းအဖြစ် ထားရှိပါက နောင်ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို လွှတ်တော်က တာဝန်ယူရမည် ဆိုသည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်နှင့် တပ်မတော်သား ကိုယ်စားလှယ်တို့၏ ဆွေးနွေးချက်များကို ပြန်လည်ရုပ်သိမ်းရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ကာ/လုံ အစည်းအဝေး ခေါ်ယူပေးရန်နှင့် အဆိုကို မှတ်တမ်းအဖြစ် ထားရှိပါက နောင်ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို လွှတ်တော်က တာဝန်ယူရမည် ဆိုသည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်နှင့် တပ်မတော်သား ကိုယ်စားလှယ်တို့၏ ဆွေးနွေးချက်များကို ပြန်လည်ရုပ်သိမ်းရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
Published 25 August 2017

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ကာ/လုံ အစည်းအဝေး ခေါ်ယူပေးရန်နှင့် အဆိုကို မှတ်တမ်းအဖြစ် ထားရှိပါက နောင်ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို လွှတ်တော်က တာဝန်ယူရမည် ဆိုသည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်နှင့် တပ်မတော်သား ကိုယ်စားလှယ်တို့၏ ဆွေးနွေးချက်များကို ပြန်လည် ရုပ်သိမ်းရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သြဂုတ် ၂၄ ရက်တွင် ပြောကြားသည်။

ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၏ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ဖြစ်ပေါ်လျက်ရှိသော ဘင်္ဂါလီလူမျိုး အစွန်းရောက် အဖွဲ့အစည်းများ၏ ရာဇဝတ်မှုများ ကျူးလွန်နေကြခြင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အသက်အိုးအိမ် လုံခြုံရေးတို့ကို များစွာ ထိပါးနှောင့်ယှက် လာသည်ဖြစ်၍ ဒေသတွင်း ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံများ ချမှတ်ကာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဆွေးနွေးမှုနှင့် ပတ်သက်၍ ဦးဝင်းမြင့်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုနှင့် ပတ်သက်၍ တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦးက ဆွေးနွေးရာတွင် လတ်တလော ရခိုင်တိုင်းရင်းသားအရေးသည် နောင်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အရေးဖြစ်လာနိုင်သည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် စိတ်သဘောထားနှင့် လုပ်ဆောင်ချက်များမှာ ထပ်တူကျရန် အရေးကြီးပြီး လိုအပ်ချက်အရ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ကာ အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိပါက နောင်တွင် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို လွှတ်တော်က တာဝန်ယူရမည် ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးသည်။

ယင်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကိုယ်စားလှယ်များ၏ ဆွေးနွေးခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ကို ဖိအားပေးခြင်းကို လွှတ်တော် နည်းဥပဒေတွင် ခွင့်မပြုထားသည့်အတွက် အဆိုပါစကားရပ်ကို ပြန်လည်ရုပ်သိမ်းရန် ပြောကြားခဲ့ပြီး ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦးက ပြန်လည်ရုပ်သိမ်းမှသာ ဆက်လက် ဆွေးနွေးခွင့်ပြုခဲ့သည်။

ထို့အတူ အဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ဆွေးနွေးရာတွင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၁ အရ ဖွဲ့စည်းထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ပြီးခဲ့သည့် အစိုးရလက်ထက်တွင် အစည်းအဝေး အကြိမ် ၂၀၀ ခန့်အထိ ပြုလုပ်ခဲ့သော်လည်း လက်ရှိအစိုးရ လက်ထက်တွင် ကာ/လုံ၏ အခန်းကဏ္ဍကို မတွေ့ရှိရသေးကြောင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ဘင်္ဂါလီ အရေးကိစ္စများသည် မိမိတို့၏ နိုင်ငံအချုပ်အခြာ အာဏာကို ထိပါးလာနိုင်သည့် ကိစ္စရပ်မျိုးဖြစ်ပြီး အစိုးရ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တပ်မတော်အကြီးအကဲများ ပါဝင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် မဖြစ်မနေ တွေ့ဆုံညှိနှိုင်း အဖြေရှာရန် လိုအပ်နေပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

“အဆိုရှင်ရဲ့ တိုက်တွန်းချက်မှာ ပါဝင်တဲ့ ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ လုံခြုံရေး ဒီအစီအမံတွေ ဖြစ်ပေါ်ဖို့ဆိုရင် ယခင်က နစက လိုအဖွဲ့အစည်းမျိုးကို ဥပဒေနဲ့အညီ ပြန်လည်ဖွဲ့စည်းပြီး နယ်စပ်ဒေသကို လုံခြုံအောင် ကာကွယ်ရန်၊ နယ်စပ်ဒေသ ခြံစည်းရိုးကို ပြီးစီးအောင် ကာကွယ်ပြီး လုံလောက်တဲ့ အစီအမံနဲ့ ထိန်းချုပ် ကာကွယ်ရန် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့အညီ စိစစ်မှုကို အမြန်ဆုံး အကောင်အထည်ဖော်ရန်၊ ရခိုင်ပြည်နယ်အတွင်း တရားဥပဒေ စိုးမိုးမှုကို ထိထိရောက်ရောက် ကာကွယ်ရန်နဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံကဏ္ဍစုံမှ ဖြည့်ဆည်း ဆောင်ရွက်ရန်ကိစ္စတွေအပြင် အဆိုရှင် တင်ပြခဲ့တဲ့ ကိစ္စအ၀၀ကို ကာ/လုံခေါ်တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ပြီးတော့ ဆွေးနွေးဆုံးဖြတ် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း တိုက်တွန်းရင်း ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေရဲ့အဆိုကို ထောက်ခံအပ်ပါတယ်” ဟု ဦးသောင်းအေးက ပြောကြားသည်။

ဦးသောင်းအေး၏ ဆွေးနွေးချက်များတွင် ကိုယ်နှင့်မဆိုင်သည့် ကိစ္စကို ပြန်လည် ရုပ်သိမ်းပေးရန်၊ ပြန်လည် ပယ်ဖျက်ပေးရန်၊ ကာ/လုံ အစည်းအဝေးပြုလုပ်ရန် ဆွေးနွေးချက်ကို ရည်ညွှန်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ပြောကြားသည်။

“ဒါက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီခေါ်တာ သမ္မတရဲ့လုပ်ပိုင်ခွင့်၊ လွှတ်တော်လုပ်ပိုင်ခွင့် မဟုတ်ဘူး။ အဆိုကို ဆွေးနွေးထောက်ခံတာ လက်ခံတယ်။ ဆွေးနွေး။ ဒါပေမဲ့ ဒါကိုခေါ်ဖို့ တိုက်တွန်းတယ် ဆိုတာ ကျွန်တော်တို့ လွှတ်တော်က ဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းမထားဘူး။ သမ္မတရဲ့ကိစ္စ။ ဒါကြောင့်မို့ ဒီအပိုဒ်ကိုတော့ ပြန်ရုပ်သိမ်းပေးပါ” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဦးသောင်းအေးတို့ အပြန်အလှန် ပြောဆိုခဲ့ကြရာ လွှတ်တော်တွင် သတင်းရယူခွင့် ပေးထားသည့် နေရာတွင် သတင်းထောက်များမှ ဦးသောင်းအေး၏ ပြောကြားချက်များကို ကြားသိရခြင်း မရှိဘဲ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ “အဆိုနဲ့ ပတ်သက်တာပဲ တိုက်ရိုက်ကိစ္စပဲ ဆွေးနွေးရမယ်၊ ကျန်တဲ့ဟာ မဆိုင်တာ မဆွေးနွေးရဘူး”၊ “အဲဒါဆိုရင် ဒီမှာ အဲဒီလိုပြောတာနဲ့ ခုနလို ခေါ်ဖို့ တိုက်တွန်းတာနဲ့ မတူဘူး”၊ “ကျွန်တော်ပြောမယ်၊ နည်းဥပဒေနဲ့ မညီဘူး။ ရုပ်မလား မရုပ်ဘူးလား ဒါပဲ”၊ “မရုပ်နိုင်ရင် ကျွန်တော်တို့ ဒီဟာကို လွှတ်တော် မှတ်တမ်းကနေ ပယ်ဖျက်ပေးပါ။ လွှတ်တော်က ဆုံးဖြတ်တယ်” ဟု ပြောကြားချက်များကိုသာ ကြားသိခဲ့ရသည်။

ယင်းနှင့် ပတ်သက်၍ ဦးသောင်းအေးက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ခေါ်ယူရန်မှာ သမ္မတ၏ လုပ်ပိုင်ခွင့်ဆိုသည်မှာ မှန်ကန်သော်လည်း ထိုသို့ တင်ပြခဲ့မှုမှာ ပြည်သူတစ်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေဖြင့် လွတ်လပ်စွာ တင်ပြပိုင်ခွင့် ဖြစ်သောကြောင့် တင်ပြချက်ကို ပယ်ဖျက်ရန် ငြင်းပယ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဆွေးနွေးတင်ပြမှုကို လွှတ်တော်ဥက္ကဋ္ဌက ပယ်ဖျက်ခဲ့ခြင်းနှင့် ပတ်သက်၍ ပြောစရာမရှိကြောင်း ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများအား ပြောကြားသည်။

Most Read

Most Recent