လပွတ္တာမြို့နယ် ညာဏ်ကွင်းကျေးရွာတွင် လေပြင်းတိုက်၍ စာသင်ကျောင်းပြိုကျပျက်စီးခဲ့ခြင်းကြောင့် ကျောင်းသားကျောင်းသူများ စာသင်ကြားရန်အခက်တွေ့

လပွတ္တာမြို့နယ် ညာဏ်ကွင်းကျေးရွာတွင် လေပြင်းတိုက်၍ စာသင်ကျောင်းပြိုကျပျက်စီးခဲ့ခြင်းကြောင့် ကျောင်းသားကျောင်းသူများ စာသင်ကြားရန်အခက်တွေ့
Published 9 July 2018

လပွတ္တာမြို့နယ် ညာဏ်ကွင်းကျေးရွာတွင် လေပြင်းတိုက်ခတ်၍ ပြိုကျပျက်စီးနေသော စာသင်ကျောင်းကို တွေ့ရစဉ်

လပွတ္တာမြို့နယ် ပြင်စလူမြို့ ကညင်ကိုင်းကျေးရွာအုပ်စု ညာဏ်ကွင်းကျေးရွာတွင် ဇွန် ၉ ရက်က ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ စာသင်ဆောင်ပြိုကျပျက်စီးပြီးနောက် ကျောင်းသားကျောင်းသူ ၆၇ ဦးမှာ စာသင်ကြားရန် နေရာအခက်အခဲတွေ့နေရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ မွန်းလွဲ ၂ နာရီခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ညာဏ်ကွင်း အခြေခံပညာမူလတန်းကျောင်းရှိ တစ်ခုတည်းသော စာသင်ဆောင်မှာ အမိုးများပျက်စီးခြင်း အကာများပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ စာသင်ဆောင်ပျက်စီးမှုကို ကျောင်း တာဝန်ရှိသူများမှ သက်ဆိုင်ရာဌာနအသီးသီးသို့ တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ ကျေးရွာဒေသခံများမှာ နွမ်းပါးသောကြောင့် စာသင်ဆောင်အား အရေးပေါ်ပြင်ဆင်နိုင်ခြင်းမရှိသောကြောင့် ကျေးရွာအပြင်ဘက်ရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ သိမ်တော် နှင့် ဆွမ်းစားဆောင်တွင် ကျောင်းသူ ၆၇ ဦး အားနေရာခွဲ၍ ယာယီစာသင်ဆောင်အဖြစ် သတ်မှတ်ကာ စာသင်ကြားပေးနေရပြီး စာသင်ဆောင်အား အလျင်အမြန် ပြန်လည် ပြုပြင်ပေးနိုင်ရန် လိုအပ်နေကြောင်း သိရသည်။

“အဲဒီနေ့က လေတိုက်ပြီးတော့ စာသင်ကျောင်းက အမိုးလန်သွားတယ်၊ အကာတွေကလည်း အရင်ကတည်းက သိပ်မကောင်းတော့ အကာတွေလည်းလွတ်သွားတယ်။ မိုးက တောက်လျှောက်ရွာနေတော့ အမိုးမရှိတော့ အောက်ခင်းတိုင်အချို့လည်း အခုဆို ဆွေးလာတာပေါ့။ ကလေးတွေကိုတော့ ဘုန်းကြီးကျောင်းမှာ နေရာရွှေ့ပြီးတော့ စာသင်ပေးနေပါတယ်၊ ဘုန်းကြီးကျောင်းက ဝေးပြီး ချောင်းလေးတွေရှိတော့ ကလေးတွေကို စာသင်ဖို့လာရင် သတိထားပြီးလာဖို့ စောင့်ကြည့် သတိပေးနေရပါတယ်။ စဖြစ်တဲ့နေ့မှာပဲ ကျွန်တော် ဌာနကို ဖုန်းသတင်းပေးပို့ပြီးတော့ နောက်နေ့ကျတော့ ကိုယ်တိုင်သွားပြီး တင်ပြခဲ့ပါတယ်။ သဘာဝဘေးအဖြစ် အမြန်ပြုပြင်ဖို့ ကျတော့ ငွေတောင်းခံဖို့က အင်ဂျင်နီယာ တွက်ချက်မှုတွေရော အဆင့်ဆင့်လိုအပ်တာကြောင့် အခုထိတော့ မပြင်ဆင်နိုင်သေးပါဘူး” ဟု ညာဏ်ကွင်း အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးရဲဝင်းနိုင်က ပြောကြားသည်။

ကျေးရွာဒေသခံများမှ ပျက်စီးသွားတော့ စာသင်ကျောင်းအား ပြုပြင်ရန်မှာလည်း ငွေကြေးအခက်အခဲများကြောင့် ပြုပြင်နိုင်ရန် နှောင့်နှေးကြန့်ကြာနေကြောင်း သိရသည်။

“ကျွန်တော်တို့ရွာက ဆင်းရဲတယ်။ ကျောင်းသားမိဘတွေကလည်း ပိုက်ဆံမရှိကြတာများတော့ မပြင်နိုင်ကြဘူး။ စာသင်ကျောင်း မရှိတော့ အခက်အခဲဖြစ်တာပေါ့ ဘုန်းကြီးကျောင်းမှာ သွားသင်နေရတယ်။ မိုးတွင်းကြီးဆိုတော့ သွားရတာ အဝေးကြီးပဲ လေ”ဟု ညာဏ်ကွင်းကျေးရွာ ရာအိမ်မှူး ဦးနေမျိုးဝင်းက ပြောကြားသည်။

Most Read

Most Recent