<

မိမိတို့ပါတီအပါအ၀င် နိုင်ငံရေးပါတီများ အားကောင်းမောင်းသန်မဖြစ်သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး NLD ပါတီ ဒုတိယဥက္ကဋ္ဌ သုံးသပ်

မိမိတို့ပါတီအပါအ၀င် နိုင်ငံရေးပါတီများ အားကောင်းမောင်းသန် မဖြစ်သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦးက သုံးသပ်ပြောကြားသည်။

ရန်ကုန်မြို့ရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ရုံးတွင် ဇူလိုင် ၈ ရက်ကပြုလုပ်သော “နိုင်ငံရေးပါတီတွေ အားကောင်းမောင်းသန်ဖြစ်ပြီလား” ဆိုသည့် Debate စကားဝိုင်းတွင် NLD ပါတီ အရန်ဗဟို ကော်မတီဝင်လည်းဖြစ်သူ ဒေါက်တာစိုးဝင်းဦးက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

“ဗမာပြည်မှာ ဘယ်နိုင်ငံရေးပါတီမှ  အားကောင်းမောင်းသန် ဖြစ်ကိုမဖြစ်သေးတာပါ။ ဒါကို ကျွန်တော် လက်ခံတယ်။ သို့သော် အင်အားကောင်းတဲ့ပါတီ တစ်နိုင်ငံလုံးကို Countrywide (တစ်နိုင်ငံလုံး) ပေါ့ နော်။ လွှမ်းမိုးနိုင်တဲ့ပါတီပေါ့။ ဆိုလိုတာက မြို့နယ်တိုင်းမှာ ရုံးတွေရှိတယ်။ ရွေးကောက်ပွဲဝင်တဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်အများဆုံးရတဲ့ ပမာဏကို ယူနိုင်တယ်။ အင်အား ကောင်းတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အားကောင်းမောင်းသန်ဆိုတဲ့ ဟာမျိုး ကျွန်တော်တို့က သိပ်ကျွန်တော်တို့ကိုယ်၌က အားရ ကျေနပ်ခြင်းမရှိသေးပါဘူး” ဟု ဒေါက်တာစိုးဝင်းဦးက ပြောကြားသည်။

ထို့အတူ တိုင်းရင်းသားနိုင်ငံရေးပါတီ ၂၂ ပါတီဖြင့် ဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) အဖွဲ့ဝင် ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စုပါတီ၏ ဥက္ကဋ္ဌ စောသန်းမြင့်ကလည်း အားကောင်း မောင်းသန်ဖြစ်သည့် နိုင်ငံရေးပါတီများကို မတွေ့ရသေးကြောင်း ပြောကြားသည်။

“ကျွန်တော်တို့က NBF (ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း)  အုပ်စုပေါ့ နော်။ ကျွန်တော်တို့မှာ ၂၂ ပါတီရှိပါတယ်။ အမှန်ကတော့ တိုင်းရင်းသားပါတီအားလုံးဟာ အားကောင်းမောင်းသန်တဲ့ပါတီ တစ်ပါတီမှ မရှိပါဘူး။ နောက်ပြီးတော့ အမှန်အတိုင်း ပြောမယ်ဆိုရင် ကျွန်တော် စောစောကပြောတဲ့အချက်တွေ အားလုံးစိစစ်မယ်ဆိုရင် တစ်နိုင်ငံလုံးမှာ အင်မတန်အားကောင်းတဲ့ ပါတီရယ်လို့ ကျွန်တော်ကတော့ သိပ်မတွေ့ရဘူး။ သို့သော်လည်းပဲ အင်အားကြီးတဲ့ ပါတီတွေတော့ ရှိတယ်။ သုံးပါတီလောက်တော့ အင်အားကြီးတဲ့ပါတီအဖြစ် တွေ့တယ်။ အားကောင်းမောင်းသန်သလားဆိုတော့ အားကောင်းမောင်းသန်တော့ မရှိပါဘူး”ဟု စောသန်းမြင့်က ပြောကြားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၇) တွင် နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟု ပြဋ္ဌာန်းထားသည်။

“ပြည်သူလူထုကြားမှာ နိုင်ငံရေးပါတီတွေရှိနေတာ ပါတီစုံစနစ်ရှိနေတာ သူတို့ ဘ၀အတွက် ဘယ်လိုအကျိုးကျေးဇူးရှိလဲဆိုတာ သူတို့ မခံစားမိသေးဘူး။ အဲဒီအချက်ဟာ  နိုင် ငံရေးပါတီ အားကောင်းမောင်းသန် မဖြစ် သေးဘူးဆိုတဲ့ သဘောပါပဲ။ ဒီအချက်ဟာ ဘယ်လောက်အထိ အန္တရာယ်ရှိလဲဆိုတော့ ပါတီစုံစနစ်ကို လူတွေက ယုံကြည်မှုကျဆင်းသွားနိုင်တယ်။ ဆိုတော့ ဘယ်လိုတိုင်းတာရမလဲဆိုရင် ပါတီတွေရှိခြင်းဟာ ငါတို့အတွက် ပါတီကကိုယ်စားလှယ်တွေ ငါတို့ရွေးကောက် တင်မြှောက်ထားခြင်းဟာ ငါတို့ဘ၀အတွက် အရေးကြီးပါလားလို့ တွေးခေါ်မြော်မြင်မိတဲ့ စိတ်မရှိဘူးဆိုလို့ရှိရင် ကျွန်တော်တို့ ပါတီစုံစနစ်အတွက် အန္တရာယ်ရှိပါတယ်”ဟု နိုင်ငံရေး လေ့လာသုံးသပ်သူနှင့် သတင်းဆောင်းပါးရှင် ဦးသီဟသွေးက ပြောကြားသည်။

နိုင်ငံရေးပါတီများအပါအ၀င် အင်စတီကျူးရှင်းများ အားကောင်းမောင်းသန်ဖြစ်ရန် လူသားအရင်းအမြစ် အားကောင်းရမည်ဖြစ်ကြောင်း ဒေါက်တာစိုးဝင်းဦးက ဆိုသည်။

“အားကောင်းမောင်းသန်ဖြစ်ဖို့ဆိုတာ  အခွင့်အလမ်းဖွင့်ပေးတာက တစ်ပိုင်းပါ။ သို့ သော် အဲဒီအခွင့်အလမ်းမှာ ပါဝင်လာတဲ့သူတွေ အားလုံးက Human Resources ပေါ့။ ကျွန်တော်တို့က လူသားအရင်းအမြစ်အားကောင်းမှ ဒီ Institution တွေ အားကောင်း မှာပါ။ ဒါကြောင့် ကျွန်တော်တို့က ကျွန်တော် တို့နိုင်ငံမှာ ဘယ်အဖွဲ့အစည်းမှ အကောင်းစား မရနိုင်သေးတာ သေချာတယ်” ဟု ၎င်းက ပြောကြားသည်။ နိုင်ငံရေးပါတီများ အားကောင်းမောင်းသန်ဖြစ်ရန် ပါတီများ၏ ဖွဲ့ စည်းပုံစည်းမျဉ်းကို  ဒီမိုကရေစီစံချိန် စံနှုန်းများနှင့်အညီ ရေးဆွဲရမည့်အပြင် ပါတီတည်ဆောက်ရေးကိုလည်း အားသွန်ခွန်စိုက်လုပ်ရမည်ဖြစ်ကြောင်း နိုင်ငံရေး လေ့လာ အကဲ ခတ်သူများက သုံးသပ်ကြသည်။

July 8, 2018














Copy Protected by Chetan's WP-Copyprotect.