ပြည်တွင်းကုန်ထုတ်လုပ်ငန်းများနှင့် SMEs များအနေဖြင့် ပြည်ပမှတင်သွင်းလာသည့် ကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့် အခြေအနေရောက်လာသဖြင့် ပြည်ပကုန်စည်များကို ကြပ်မတ်ပေးရန် လိုအပ်နေ

ပြည်တွင်းကုန်ထုတ်လုပ်ငန်းများနှင့် SMEs များအနေဖြင့် ပြည်ပမှတင်သွင်းလာသည့် ကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့် အခြေအနေရောက်လာသဖြင့် ပြည်ပကုန်စည်များကို ကြပ်မတ်ပေးရန် လိုအပ်နေ
Published 9 July 2018

ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများနှင့် SMEs များအနေဖြင့် ပြည်ပမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိသည့် အခြေအနေရောက်လာသဖြင့် ပြည်ပကုန်စည်များကို ကြပ်မတ်ပေးရန် လိုအပ်နေကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။

ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံထားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပြည်တွင်းမှ SMEs များအနေဖြင့် နိုင်ငံခြားမှတင်သွင်းလာသည့် ကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိသော အခြေအနေဖြစ်ပေါ်နေသဖြင့် ပြည်တွင်းထုတ်လုပ်မှုနှင့် စားသုံးမှုပမာဏ၊ တင်သွင်းရန် လိုအပ်မှုပမာဏ၊ အရေးကြီးကုန်စည်နှင့် မသုံးမဖြစ်ကုန်စည်၊ အစားထိုး ကုန်စည်စသည့် သဘောတရားများကို အခြေခံတွက်ချက်ပြီး Minimum Access စနစ်၊ Tariff Rate  နှင့် Quota စနစ်များ သတ်မှတ် ကျင့်သုံးပေးရန် လိုအပ်နေကြောင်း ဦးရဲမင်းအောင်က ဆက်လက်ပြောကြားသည်။

ထို့ပြင် ယင်းစနစ်များ ဆောင်ရွက်ရာ၌ Quota အတွင်းမှဖြစ်ပါက နှုန်းတစ်မျိုး (နှုန်း နိမ့်) နှင့် Quota  ပြင်ပမှဖြစ်ပါက နှုန်းတစ်မျိုး (မြင့်) သတ်မှတ်ပေးစေလိုသည်ဟု ဦးရဲမင်းအောင်က နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးကော်မတီသို့ တင်ပြထားကြောင်း သိရသည်။

ထို့ပြင် စက်မှုကုန်ကြမ်းများတင်သွင်းပြီး ပြည်တွင်းတွင် ကုန်ချောထုတ်စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရင်းနှီးမြှုပ်နှံသည့် ကုန်ထုတ်လုပ်ငန်းများအနေဖြင့် ကုန်ချောတင်သွင်းသူများနှင့်ယှဉ်ပြိုင်နိုင်ရန် ကုန်ချောတင်သွင်းမှုဆိုင်ရာ မူဝါဒများကို ပြန်လည်သုံးသပ်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် အာလူး၊ ပန်းမျိုးစုံစသည့် လယ်ယာစိုက်ပျိုးရေးထွက်ကုန်များနှင့် ဟင်းသီးဟင်းရွက်သီးနှံများ တရားမဝင်ဝင်ရောက်နေမှုအပေါ် ထိရောက်စွာတားဆီးပေးနိုင်ရန်အတွက် အပင်ပိုးမွှား၊ ရောဂါနှင့် သီးနှံ ကာကွယ်ရေးဆိုင်ရာ စံချိန်စံညွှန်းများကို ချမှတ်ပေးရန်နှင့် Quota စနစ်ဖြင့် ဆောင်ရွက်ရာတွင်လည်း မိမိနိုင်ငံသီးနှံပေါ်ချိန်၊ ရှားပါးချိန်၊ ဈေးကြီးချိန် စသည့် ရာသီချိန်များနှင့် လိုက်ဖက်အောင် ညှိနှိုင်းဆောင်ရွက်ပေးစေ လိုသည်ဟု ဦးရဲမင်းအောင်က ဆိုသည်။

ယင်းအပြင် ပြည်ပမှကုန်ပစ္စည်းများကို ပြည်တွင်းဈေးကွက်သို့ အလွယ်တကူတင်သွင်းလာပြီး ကုန်တိုက်များမှ လက်ကားဖြန့် ဖြူးရောင်းချခြင်းများဖြင့် Dumping ပြုလုပ်လာနိုင်သဖြင့် ပြည်တွင်းမှထုတ်လုပ်နေသည့် လုပ်ငန်းများကို ထိခိုက်လာနိုင်ပြီး အ လုပ်အကိုင် အခွင့်အလမ်းများ လျော့ကျ သွားနိုင်သောကြောင့် Anti-Dumping ဆိုင်ရာ ညွှန်ကြားချက်များ ထုတ်ပေးရန် လိုအပ်နေသည်ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုးက ဆိုသည်။

နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ ပြည်တွင်းလုပ်ငန်းရှင်များမှ တင်ပြထားသည့် အချက်ပေါင်း ၂၅၀ ချက်အထိရှိနေပြီး အဆိုပါအချက်များအားလုံးကို စီးပွားရေးလုပ်ငန်းရှင်များသို့ ပြန်လည် အကြောင်းပြန်ထားပြီးဖြစ်ကြောင်းနှင့် အချို့ကိစ္စများမှာ မပြီးပြတ်သေးဘဲ ဆက်လက် ဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီငါးရပ်အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တွေ့ဆုံပြီး ဆွေးနွေးပွဲ များပြုလုပ်၍ ပြီးပြတ်သည့်အထိ ဖြေရှင်း ဆောင်ရွက်ပေးနေကြောင်း ဦးမြင့်ဆွေက ပြောကြားသည်။

Most Read

Most Recent