မြိတ်မြို့ မြို့လယ်ကောင်ရှိ စည်ပင်သာယာဈေးကြီးတွင် မကြာခဏ ဖောက်ထွင်းမှုဖြစ်ပွား

မြိတ်မြို့ မြို့လယ်ကောင်ရှိ စည်ပင်သာယာဈေးကြီးတွင် မကြာခဏ ဖောက်ထွင်းမှုဖြစ်ပွား
Published 8 July 2018

မြိတ်မြို့ မြို့လယ်ကောင်ရှိ စည်ပင်သာယာဈေးကြီးတွင် မကြာခဏ ဖောက်ထွင်းမှု ဖြစ်ပွားနေပြီး တာဝန်ရှိသူများက ဖမ်းဆီးအရေးယူ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း ဈေးရောင်းချနေသူများက ပြောကြားသည်။

မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ စည်ပင်သာယာဈေးကြီးကို မြူဈေးကြီး(ခ)တိုက်ဈေးအဖြစ် လူသိများပြီး မြိတ်မြို့၏ စီးပွားရေး အချက်အချာကျသည့် နေရာတွင် တည်ထားကြောင်း သိရသည်။ အဆိုပါ ဈေးကြီးမှာမြို့လယ်ကောင် အချက်အချာကျပြီး စီးပွားရေးအရ အရေးအပါဆုံး နေရာဖြစ်သော်လည်း ဖောက်ထွင်းခိုးယူခံရမှု မကြာခဏ ဖြစ်ပေါ်နေကြောင်း သိရသည်။

“ကျွန်တော် ဈေးထဲမှာရောင်းနေတာ ၁၅ နှစ် ကျော်သွားပါပြီ။ လေးကြိမ်ဖောက်ထွင်းမှု ဖြစ်ပြီးပါပြီ။ သုံးကြိမ်က ကျွန်တော့်ဆိုင်ပါနေတယ်။ ဈေးကော်မတီနဲ့ ဈေးခေါင်းတွေကိုလည်း ပြောပြထားပြီးပါပြီ။ သူတို့ဘက်က လုံခြုံမှုအပိုင်းကို ဘယ်လိုလုပ်နေသလဲ” ဟု ဆိုင်ခန်းဖောက်ထွင်းခံရသူ ဦးအောင်ဇော်ထွန်းက ပြောကြားသည်။

ဈေးကြီးတွင် လုံခြုံရေးတာဝန်ယူထားသူများ ရှိသော်လည်း ပြီးခဲ့သည့် ဇူလိုင် ၅ ရက်တွင် ထပ်မံဖောက်ထွင်းခံရပြီး ဖောက်ထွင်းခိုးယူသွားသူများကို ဖမ်းဆီးရမိခြင်း မရှိသလို တာဝန်ရှိသူများကလည်း လာရောက် မေးမြန်းခြင်းပင် မရှိကြောင်း ဖောက်ထွင်းခိုးယူခံရသည့် ဆိုင်ပိုင်ရှင်များက ပြောကြားသည်။

“ကျွန်မဆိုင်က မနေ့ (ဇူလိုင် ၅ ရက်) တုန်းက ဖောက်ခံထိပါတယ်။ ဈေးရုံကို နှစ်ကြိမ်သွား အကြောင်းကြားပါတယ်။ သူတို့ဘာမှလာမလုပ်ပေးဘူး။ ပစ္စည်းတန်ဖိုး နှစ်သိန်းကျော်ဖိုး ပါသွားတယ်။ ပစ္စည်းတွေကများတော့ ကျန်တာမမှတ်မိဘူး။ လာလည်းမကြည့်ဘူး။ သူတို့မှာ တာဝန်ရှိပါတယ်။ ကျွန်မတို့က ကင်းကြေး (ကင်းစောင့်ခ)၊ သန့်ရှင်းရေးကြေး အားလုံးပေးထားတယ်။ လာကောက်ခံတဲ့ ငွေကြေးတွေကိုလည်း မပျက်မကွက်ပေးတယ်။ အခု ဈေးဆိုင်ခန်း ဖောက်ခံထိတော့ ဘာမှလာမလုပ်ပေးဘူး။ ကျွန်မတိ့ု ဒီလို မလုံမခြုံနဲ့ တစ်သက်လုံး နေသွားရမလား” ဟု ဆိုင်ခန်း အဖောက်ခံရသူ အဝတ်အထည်ဆိုင်ပိုင်ရှင် ဒေါ်သီက ပြောကြားသည်။

Most Read

Most Recent