ပုဂံဒေသရှိ ဘုရားများတွင် လိမ့်ကျခြင်းနှင့် အသက်သေဆုံးခြင်းများ ရှိခဲ့သဖြင့် တက်ရောက်ခြင်းမပြုရန် ဆောင်ရွက်ခြင်းဖြစ်ဟုဆို

ပုဂံဒေသရှိ ဘုရားများတွင် လိမ့်ကျခြင်းနှင့် အသက်သေဆုံးခြင်းများ ရှိခဲ့သဖြင့် တက်ရောက်ခြင်းမပြုရန် ဆောင်ရွက်ခြင်းဖြစ်ဟုဆို
Published 8 July 2018

ပုဂံဒေသရှိ ဘုရားများသည် နှစ်ပေါင်းကြာမြင့်နေခြင်း၊ ဘုရားများပေါ်သို့ တက်ရောက်မှုကြောင့် လိမ့်ကျမှုနှင့် အသက်သေဆုံးမှုများ ရှိခဲ့သဖြင့် တက်ရောက်ခြင်းမပြုရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနမှ ဇူလိုင် ၅ ရက်တွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ပုဂံဒေသရှိ ဘုရားများပေါ်သို့ တက်ရောက်ခြင်းမပြုရသည့် အကြောင်းရင်းသည် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများသည် အေဒီ ၁၁ ရာစု၊ ၁၂ ရာစုနှင့် ၁၃ ရာစုနှစ်များအတွင်း တည်ဆောက်ထားသော ရှေးဟောင်းအဆောက်အအုံများ ဖြစ်သည့်အတွက် နှစ်ကာလအားဖြင့် သက်တမ်း ၈၀၀ ကျော် ၉၀၀ နီးပါး ကြာမြင့်ခဲ့ပြီး သဘာဝဘေးဒဏ်များကိုလည်း ပုဂံခေတ်ကတည်းက ယနေ့ထိ ကြိမ်ဖန်များစွာ ခံစားခဲ့ရသောကြောင့် မျက်မြင် ခန့်မှန်း မသိရှိနိုင်သည့် အန္တရာယ်များ ရှိနိုင်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဘာသာရေးရှုထောင့်အရ ဘုရား စေတီ ပုထိုးများတွင် ဓာတ်တော်မွေတော်များထည့်၍ ဌာပနာထားခြင်းများကြောင့် တက်ရောက်ခြင်းသည် အဂါရဝဖြစ်စေခြင်း၊ အချို့ဘုရားများတွင် အပေါ်တက်ရန် လှေကားများမှာ မတ်စောက်ခြင်းနှင့် ပစ္စယာများရှိ စဉ့်ကွင်းများ ပျောက်ဆုံးနိုင်ခြင်းတို့ကြောင့် တက်ရောက်ခွင့် မပြုခြင်းဖြစ်ကြောင်း သိရသည်။ ဧည့်သည်များအနေဖြင့် ပုဂံဒေသို့ လုံခြုံစိတ်ချ ဘေးကင်းစွာ သွားရောက်လည်ပတ်နိုင်ရေးအတွက် တက်ရောက်ခွင့်မပြုတော့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent