ဘုရားဖူးများသည့် ရွှေတိဂုံစေတီတော်တွင် ဓာတ်လှေကားစက်ချို့ယွင်းမှုဖြစ်ပွားပါက လုပ်ဆောင်ရမည့်အချက်များ ဓာတ်လှေကားမောင်းဝန်ထမ်းများကို သင်တန်းပေး

ဘုရားဖူးများသည့် ရွှေတိဂုံစေတီတော်တွင် ဓာတ်လှေကားစက်ချို့ယွင်းမှုဖြစ်ပွားပါက လုပ်ဆောင်ရမည့်အချက်များ ဓာတ်လှေကားမောင်းဝန်ထမ်းများကို သင်တန်းပေး
Published 8 July 2018

ရွှေတိဂုံစေတီ ဓာတ်လှေကားမောင်းဝန်ထမ်းများကို မစ်ဆူဘစ်ရှိကုမ္ပဏီက ဇူလိုင် ၇ ရက်တွင် သင်တန်းပေးနေသည်ကို တွေ့ရစဉ်

ဘုရားဖူးသူများပြားသည့် ရွှေတိဂုံစေတီတွင် ဓာတ်လှေကားစက်ချို့ယွင်းမှုဖြစ်ပွားပါက လုပ်ဆောင်ရမည့် အချက်များအား ဓာတ်လှေခါးမောင်းဝန်ထမ်းများကို ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် မစ်ဆူဘစ်ရှီကုမ္ပဏီက သင်တန်းပေးသည်။

ယင်းသို့ မစ်ဆူဘစ်ရှိကုမ္ပဏီက ဓာတ်လှေကားမောင်းဝန်ထမ်းများကို သင်တန်းပေးရာတွင် ဓာတ်လှေကားများ စက်ချို့ယွင်းပြီး ရပ်တန့်ခဲ့ပါက လုပ်ဆောင်ရမည့်အဆင့်ဆင့်ကို စာတွေ၊ လက်တွေ့ပို့ချသင်ကြားပေးခဲ့ခြင်း ဖြစ်သည်။

“ဓာတ်လှေကားထဲလူပိတ်တယ်ဆိုရင် အများစုထင်တာက လေမရလို့ အောက်ဆီဂျင်ပြတ်ပြီး ဒုက္ခတွေ ရောက်လိမ့်မယ်လို့ ထင်နေကြတာ။ တကယ်က ဘာမှမဖြစ်ပါဘူး။ ဓာတ်လှေ ကားထဲမှာ လူငွေ့နဲ့ပူအိုက်ပြီး ချွေးပြန်တာတို့ ဖြစ်မယ်။ ကြောက်တတ်တဲ့လူဆိုရင် မူးမော်တာတို့ ဖြစ်တယ်။ အခုလိုသင်တန်းပေးတာက တကယ်လို့ ဓာတ်လှေကားစက်ချို့ယွင်းပြီး လူတွေပိတ်မိနေမယ်ဆိုရင် ဘယ်လိုမျိုးကယ် ဆယ်ရမလဲဆိုတာကို စာတွေ့၊ လက်တွေ့သင်တန်းပေးတာပေ့ါ။ ဒီလိုသင်တန်းပေးတာအခု တစ်ခေါက်နဲ့ဆိုသုံးကြိမ်ရှိပြီ” ဟု ရွှေတိဂုံစေတီ ဓာတ်လှေကားဌာန၊ ဌာနစုမှူးဦးခင်မောင်ကြည်က ပြောကြားသည်။

ရွှေတိဂုံစေတီ၏ အရှေ့ဘက်မုခ်၊ တောင်ဘက်မုခ်နှင့်မြောက်ဘက်မုခ် စသည့်နေရာများတွင် ဓာတ်လှေကားရှစ်စီးရှိကြောင်း သိရသည်။ ယင်းဓာတ်လှေကားများအား မီးပျက်လျှင် မီးစက်နှိုး၍ လှည်ပတ်နိုင်ရန် ပြုလုပ်ထားကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မေ ၁၉ ရက် နံနက်ပိုင်းတွင် ရွှေတိဂုံစေတီအရှေ့ဘက်မုခ်ရှိ ညာဘက်အခြမ်းအတက်ဓာတ်လှေကားသည် စက်ချို့ယွင်းမှုကြောင့် တစ်နာရီကျော်ကြာ ဓာတ်လှေကားရပ်တန့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရပ်တန့်နေသည့် ဓာတ်လှေကားအတွင်း ကလေးငယ်နှစ်ဦးအပါအဝင် အမျိုးသား ငါးဦးနှင့် အမျိုးသမီးကိုးဦးတို့ ပိတ်မိနေသည့်အတွက် ရွှေတိဂုံဘုရားရှိ လုံခြုံရေးများ၊ မီးသတ်ဝန်ထမ်းများ၊ ဓာတ်လှေကားဝန်ထမ်းများက ဓာတ်လှေကားအမိုးကိုဖွင့်ကာ ကြိုးဖြင့် ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။

ရွှေတိဂုံစေတီတွင် ဓာတ်လှေကား စက်ချို့ယွင်းပြီး ဓာတ်လှေကားအတွင်း လူပိတ်မှု ဖြစ်ပွားခဲ့မှုသုံးကြိမ်ရှိခဲ့ကြောင်း ဓာတ်လှေကားဌာနမှ စုံစမ်းသိရသည်။

ရွှေတိဂုံစေတီသို့ ဘုရားဖူးလာရောက်သူမှာနေ့စဉ် ရှစ်သောင်းဝန်းကျင်ရှိပြီး၊ နေ့ထူးနေ့မြတ်များ၊ အခါကြီးရက်ကြီးများတွင် ဘုရားဖူသူ နှစ်သိန်းမှ သုံးသိန်းအကြားရှိကြောင်း သိရသည်။

Most Read

Most Recent