ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သက်တမ်း နှစ်နှစ်ကျော်အတွင်း ဥပဒေစုစုပေါင်း ၇၀ ဆွေးနွေးအတည်ပြုခဲ့

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သက်တမ်း နှစ်နှစ်ကျော်အတွင်း ဥပဒေစုစုပေါင်း ၇၀ ဆွေးနွေးအတည်ပြုခဲ့
Published 8 July 2018

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ  လွှတ်တော်ကိုယ်စားလှယ် အများစုရှိသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းနှစ်နှစ်ကျော်ကာလအတွင်း ဥပဒေ စုစုပေါင်း ၇၀ ဆွေးနွေးအတည်ပြုပြဋ္ဌာန်းထားကြောင်း ပြည်ထောင်စုလွှတ်တော်၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပခဲ့ပြီး  လက်ရှိတွင် အဋ္ဌမပုံမှန်အစည်းအဝေးအထိ ကျင်းပပြီးဖြစ်ကာ ဇူလိုင် ၂၃ ရက်တွင် နဝမ ပုံမှန်အစည်းအဝေးကို စတင်ကျင်းပမည် ဖြစ်သည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတင်ကျင်းပသည့် ၂၀၁၆ ခုနှစ်အတွင်း ဥပဒေစုစုပေါင်း ၁၉ ခုကို ဆွေးနွေးအတည်ပြုထားကြောင်း ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းနှစ်အတွင်း ဆွေးနွေးအတည်ပြုခဲ့သည့် ဥပဒေ ၁၉ ခုတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ၊ နိုင်ငံတော်ကောင်စီဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ၊ ပြည်သူ့ ကောင်စီဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ၊ အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ စသည်တို့ကို ဆွေးနွေးအတည်ပြုခဲ့သည်။

ထို့အတူ ၂၀၁၇ ခုနှစ်အတွင်း ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်က ဥပဒေစုစုပေါင်း ၂၉ ခုကို ဆွေးနွေးအတည်ပြုခဲ့ပြီး ယင်းဥပဒေများထဲတွင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ၊ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေတို့ကို ဆွေးနွေးအတည်ပြုခဲ့သည်။

လက်ရှိ ၂၀၁၈ ခုနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်က လက်ရှိအချိန်အထိ ဥပဒေစုစုပေါင်း ၂၂ ခု ဆွေးနွေးအတည်ပြုထားပြီး ယင်းဥပဒေများထဲတွင် နိုင်ငံဝန်ထမ်း ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့်ဥပဒေတို့ ပါဝင်သည်။

ရေးဆွဲပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် ပတ်သက်၍ ပြည်သူ့အတွက် မည်မျှအကျိုးရှိသနည်းဆိုသည်မှာ ဥပဒေကို ကျင့်သုံးမည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ လုပ်ဆောင်အားလည်းလိုကြောင်း၊ ထို့ပြင် လွှတ်တော်၌ သက်ဆိုင်ရာလွှတ်တော်ကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း ဥပဒေကို ကျင့်သုံးသည့် အဖွဲ့အစည်းပေါ် ထောက်ပြအကြံပြုမှုများဖြင့် ထိန်းကျောင်းရန်လိုကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းက သုံးသပ်ပြောကြားထားသည်။

ပြီးခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်အများစုရှိသည့် ပထမအကြိမ်ပြည်ထောင်စု လွှတ်တော်သက်တမ်းအတွင်း ဥပဒေစုစုပေါင်း ၁၉၆ ခု ဆွေးနွေးအတည်ပြုခဲ့ကြောင်း လွှတ်တော်၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Most Read

Most Recent