၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ မြန်မာနိုင်ငံ ပြည်တွင်းကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည့် ငလျင် စုစုပေါင်း အကြိမ်တစ်ရာကျော်ရှိကြောင်း သိရ

၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ မြန်မာနိုင်ငံ ပြည်တွင်းကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည့် ငလျင် စုစုပေါင်း အကြိမ်တစ်ရာကျော်ရှိကြောင်း သိရ
Published 8 July 2018

မတ် ၈ ရက်က နေပြည်တော်အနီးတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဥတ္တရသီရိမြို့နယ်ရှိ စေတီတစ်ဆူ ပျက်စီးမှုကို တွေ့ရစဉ် (ဓာတ်ပုံ-နေရိုင်း)

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ မြန်မာနိုင်ငံ ပြည်တွင်းကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည့် ငလျင်အကြိမ်အရေအတွက် တစ်ရာကျော်အထိရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံသည် ငလျင်လှုပ်ခတ်မှုကို မကြာခဏခံစားရပြီး ၂၀၁၆ ခုနှစ် ဧပြီလတွင် စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့အနီးတွင် အင်အားရစ်ချ်တာစကေး ၆ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် သြဂုတ်လတွင် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် အင်အားရစ်ချ်တာ စကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ထပ်မံလှုပ်ခတ်ခဲ့မှုကြောင့် ပုဂံဒေသရှိ ဘုရား၊ စေတီပုထိုးများနှင့် စာသင်ကျောင်းများ ပျက်စီးခဲ့ ကြောင်း၊ ၂၀၁၇ ခုနှစ် မတ် ၁၄ တွင်လည်း တိုက်ကြီးမြို့တွင် အင်အားရစ်ချ်တာစကေး ၅ ဒသမ ၈ အဆင့်ရှိ  ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၆ ဦးခန့် ရှိခဲ့ပြီး နေအိမ်နှင့် သာသနိကအဆောက်အအုံ အချို့ပျက်စီးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဇွန်လကုန်အထိ မြန်မာနိုင်ငံ ပြည်တွင်းကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး သုံးအထက် ငလျင်အကြိမ် ၁၀၀ ကျော်အထိ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

“ငလျင်က တိတိကျကျခန့်မှန်းလို့ မရတော့ လှုပ်ရှားမှုကို ဖြစ်ပေါ်စေတဲ့  ပြတ်ရွေ့ကြောတွေ အနီးမှာရှိတဲ့ နေထိုင်တဲ့ ဒေသ အနီးပတ်ဝန်းကျင်မှာ မကြာခဏ ငလျင်လှုပ်တာတွေရှိလာပြီဆိုရင်တော့ သတိပြုနေထိုင် သင့်ပါတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောကြားသည်။

မြန်မာနိုင်ငံသည် စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့၊  ကုလားတန်ပြတ်ရွေ့များပေါ်တွင် တည်ရှိနေခြင်းကြောင့် ငလျင်အန္တရာယ်သည် မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ရှမ်းပြည်နယ်အရှေ့ ပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အားရစ်ချ်တာ စကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ကြောင့် လူ ၇၆ ဦးသေဆုံးခဲ့ပြီး၊ ၂၀၁၂ ခုနှစ်တွင် သပိတ်ကျင်းမြို့အနီးတွင် စစ်ကိုင်းပြတ်ရွေ့မှ လှုပ် ခတ်ခဲ့သည့် အင်အားရစ်ချ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ကြောင့် လူ ၂၆ ဦး သေဆုံးခဲ့ပြီး အိုးအိမ်ပစ္စည်းများ ပျက်စီးခြင်း၊ ရှေးဟောင်း အဆောက်အအုံများ ပျက်စီးမှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြေငလျင်လှုပ်ခတ်မှုများကို ဖြစ်စေသည့် ပြတ်ရွေ့ကြောများ အနီးတစ်ဝိုက်တွင် နေထိုင်သူများအနေဖြင့် မိမိတို့နေထိုင်ရာ နေရာဒေသများတွင် ငလျင်များ ဆက်တိုက် လှုပ်ခတ်လာပါက ကြိုတင်ပြင်ဆင်မှုအစီအမံများ၊ ဇာတ်တိုက်လေ့ကျင့်မှုများ၊ ပညာပေး ဟောပြောပို့ချမှုများ မကြာခဏပြုလုပ်သင့်ကြောင်း ဒေါက်တာယဉ်မျိုးမင်းထွေး၏ ပြောကြားမှုအရ သိရသည်။

မြေငလျင်မလှုပ်ခင် ကြိုတင်ပြင်ဆင်မှုများပြုလုပ်သင့်ကြောင်း၊ နေထိုင်သည့်အိမ်၊ တိုက်ခန်းများကို ငလျင်ဒဏ်ခံနိုင်ရည် ရှိ မရှိ အင်ဂျင်နီယာများဖြင့် စစ်ဆေးသင့်ကြောင်း၊ နေထိုင်သည့်နေရာအား  ငလျင်မြေပုံများဖြင့် တိုက်ဆိုင်စစ်ဆေးမှုများပြုလုပ်ပြီး ငလျင်အန္တရာယ်ဇုန်အတွင်းရှိပါက ပြန်လည်ပြုပြင် သင့်သည်များကို ပြုပြင်သင့်ကြောင်း၊ ငလျင်လှုပ်ခတ်ချိန်အတွင်း ဆောင်ရန် ရှောင်ရန်များကိုလေ့လာကာ အိမ်နီးနားချင်း၊ ရပ်ကွက်နေ ပြည်သူများအချင်းချင်း တိုင်ပင်ထားကာကြိုတင်လေ့ကျင့်ထားသင့်ကြောင်း သိရသည်။      စစ်ကိုင်းပြတ်ရွေ့ကြောအနီးတွင်ရှိသည့် ရန်ကုန်မြို့တွင် ယခုနှစ် ဧပြီလအတွင်း ငလျင် လှုပ်ခတ်မှုများ ဆက်တိုက်ရှိခဲ့သည့်အတွက် ပြည်သူများ စိုးရိမ်မှုများ ရှိခဲ့သည်။

Most Read

Most Recent