OBOR တွင် ကျောက်ဖြူစီမံကိန်း ပါဝင်ရန်ရှိပြီး ကြွေးတင်မည့်အပေါ် စဉ်းစားနေကြောင်းနှင့် ပြန်လည်သုံးသပ်ခြင်း မဟုတ်ဘဲ ညှိနှိုင်းနေခြင်းသာဖြစ်ကာ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အပိုင်းလိုက်တည်ဆောက်ရန် နှစ်ဖက်သဘောတူထားဟု သိရ

OBOR တွင် ကျောက်ဖြူစီမံကိန်း ပါဝင်ရန်ရှိပြီး ကြွေးတင်မည့်အပေါ် စဉ်းစားနေကြောင်းနှင့် ပြန်လည်သုံးသပ်ခြင်း မဟုတ်ဘဲ ညှိနှိုင်းနေခြင်းသာဖြစ်ကာ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အပိုင်းလိုက်တည်ဆောက်ရန် နှစ်ဖက်သဘောတူထားဟု သိရ
Published 7 July 2018

ဇူလိုင် ၆ ရက်က ပြုလုပ်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)

တရုတ်နိုင်ငံ၏ OBOR(One Belt One Road-Belt & Initiative (BRI) စီမံကိန်းတွင် ကျောက်ဖြူစီမံကိန်း ပါဝင်လာရန်ရှိပြီး စီမံကိန်းကြောင့် ကြွေးတင်မည့်အပေါ် စဉ်းစားနေကြောင်းနှင့် အဆိုပါစီမံကိန်းကို ပြန်လည်သုံးသပ်နေခြင်းမဟုတ်ဘဲ ညှိနှိုင်းနေခြင်းသာဖြစ်ကြောင်းနှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းကို အပိုင်းလိုက်တည်ဆောက်သွားရန် တရုတ်-မြန်မာ နှစ်ဖက်သဘောတူထားကြောင်း မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်က ဇူလိုင် ၆ ရက်တွင် ပြောကြားသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်မှုတွင် ဒေါ်လာ ၇ ဒသမ ၅ ဘီလျံ ရင်းနှီးမြှုပ်နှံရမည်ဆိုသည်မှာ ကျိုးကြောင်းလျော်ညီမှုမရှိဘဲ ရူးသွပ်မှုသက်သက်သာဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး Sean Turnellက မေလနှောင်းပိုင်းက Bloomberg သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါစီမံကိန်းကို ပြန်လည် စဉ်းစားသင့်ကြောင်း ပြောကြားပြီးနောက် စီမံကိန်းကို ပြန်လည်သုံးသပ်နေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ထိုသို့ သတင်းများ ထွက်ပေါ်နေသော်လည်း ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ပြန်လည်သုံးသပ်နေခြင်းမဟုတ်ဘဲ ညှိနှိုင်းနေခြင်းသာဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ကျောက်ဖြူစီမံကိန်းကို ပြန်သုံးသပ်တာ မဟုတ်ပါဘူး။ ညှိနှိုင်းတာ ဖြစ်ပါတယ်။  သဘောတူညှိနှိုင်းမှုဟာ အတော်လေး အလားအလာကောင်းပြီး မကြာခင်မှာလည်း  သဘောတူဆောင်ရွက်မှာဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုကြီးမားမှု၊ စီမံခန့်ခွဲမှုတွေကို စဉ်းစားပါတယ်။ စဉ်းစားတဲ့အခါမှာ ဒီဆိပ်ကမ်းကို လုံးဝဥဿုံ တစ်ခါတည်းနဲ့အပြီး တည်ဆောက်မယ့် ဒီဇိုင်းမဟုတ်ဘဲနဲ့ အပိုင်းလိုက် အပိုင်းလိုက် တည်ဆောက်ဖို့ဆိုတာ ကျွန်တော်တို့ နှစ်ဖက် သဘောတူထားတာရှိပါတယ်” ဟု ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် တရုတ်-မြန်မာ အချိုးကျ ထည့်ဝင်မြှုပ်နှံမည့် ပမာဏ သတ်မှတ်ပြီးဖြစ်သော်လည်း ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ရှယ်ယာခွဲဝေမှုပြီးပြတ်ခြင်း မရှိသေးဘဲ တရုတ်နိုင်ငံဘက်မှ ရွေးချယ်ပေးရန်အဆိုပြုထားသည့် Option လေးခုအဖြစ် တရုတ် ၈၅- မြန်မာ ၁၅၊ တရုတ် ၈၀-မြန်မာ ၂၀၊ တရုတ် ၇၅- မြန်မာ ၂၅ နှင့် တရုတ် ၇၀- မြန်မာ ၃၀ ထည့်ဝင်ရန် ကမ်းလှမ်းထားပြီး အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းနှစ်ခုတွင် မြန်မာအစိုးရမှ Gold Share အဖြစ် စီမံကိန်းတစ်ခုလျှင် ၁၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။ သို့သော် ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ရာခိုင်နှုန်း ၃၀ ပါဝင်မည်ဆိုပါက မြန်မာလုပ်ငန်းရှင်များဘက်မှ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံခန့် ရှယ်ယာထည့်ဝင်ရမည်ဖြစ်ပြီး အဆိုပါပမာဏကို အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင်များက ထည့်ဝင်နိုင်ခြင်းမရှိဘဲ အစိုးရမှ တာဝန်ခံချေးပေးရန် တောင်းဆိုမှုများ ရှိနေကြောင်း ကျောက်ဖြူဒေသခံကုမ္ပဏီများမှ သိရသည်။

အိန္ဒိယသမုဒ္ဒရာကို မျက်နှာမူထားသော ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွား ရေးဇုန်တည်ဆောက်ရေးစီမံကိန်းသည် ဒေါ်လာ ၁၀ ဘီလျံနီးပါး ကုန်ကျမည်ဖြစ်ပြီး တရုတ်နိုင်ငံထံမှ ငွေချေးငှားရမည့် အရေးကိစ္စအပေါ် မြန်မာနိုင်ငံဘက်က စိုးရိမ်မှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။

 

Most Read

Most Recent