မူဆယ်မြို့သို့ တင်ပို့ရာတွင် ကုန်စည် သယ်ယူစရိတ်ကြီးမြင့်ခြင်းနှင့် ကုန်သည်များက သကြားတင်ပို့မှုကို ပိုမိုဆောင်ရွက်နေသည့်အတွက် ပြည်တွင်းဆန်အရောင်းအဝယ်အေးပြီး တရုတ်သို့ဆန်တင်ပို့မှုလည်း လျော့နည်းနေ

မူဆယ်မြို့သို့ တင်ပို့ရာတွင် ကုန်စည် သယ်ယူစရိတ်ကြီးမြင့်ခြင်းနှင့် ကုန်သည်များက သကြားတင်ပို့မှုကို ပိုမိုဆောင်ရွက်နေသည့်အတွက် ပြည်တွင်းဆန်အရောင်းအဝယ်အေးပြီး တရုတ်သို့ဆန်တင်ပို့မှုလည်း လျော့နည်းနေ
Published 7 July 2018

မူဆယ်မြို့သို့တင်ပို့ရာတွင် ကုန်စည်သယ်ယူစရိတ်ကားခ ဈေးကြီးမြင့်ခြင်းနှင့် မူဆယ်ဘက်မှ ကုန်သည်များက သကြားတင်ပို့မှုကို ပိုမိုဆောင်ရွက်နေသည့်အတွက် ပြည်တွင်းဈေးကွက်အတွင်း ဆန်ရောင်းဝယ်အေးကာ နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု လျော့နည်းနေကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ သိရသည်။

“မူဆယ်ဘက်သွားတဲ့ ကားခတွေက ဈေးတက်တယ်၊ မူဆယ်မှာ သကြားသမားတွေက သကြားလုပ်ပြီး ဆန်သိပ်မလုပ်တော့ သကြားဘက်အားသန်ပြီး အဝယ်သိပ်မရှိဘူး။ ပင်လယ်ရေးကြောင်းက သင်္ဘောတွေက နောက်ဆုတ်တော့ ဂိုဒေါင်တွေ ကျပ်ငွေတွေ ကျပ်တော့ အဝယ် နည်းနည်းအေးနေတယ်” ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့သို့ ကုန်စည်သယ်ယူပို့ဆောင်ရန်တွင် သယ်ယူစရိတ်ကားခသည် တစ်တန်ကို နှစ်သောင်း အထိမြင့်တက်ခဲ့ပြီး လက်ရှိတွင် ရန်ကုန်မှ မူဆယ်မြို့သို့ သယ်ယူပို့ဆောင်ခသည် တစ်တန်ကို ရှစ်သောင်းအထိ ရှိနေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

သို့သော်လည်း တရုတ်နိုင်သို့ တင်ပို့ရာတွင် ဆန်ဈေးသည် ပုံမှန်အတိုင်းသာရရှိနေခြင်းကြောင့် တရုတ်နိုင်သို့ သကြားတင်ပို့မှုကို ပြန်လည်ခွင့်ပြုခဲ့သည့် ဇွန်လအလယ်မှ စတင်၍ မူဆယ်နယ်စပ်ရှိ ကုန်သည်မျာအနေဖြင့် သကြားတင်ပို့မှုကိုသာ ပိုမိုလုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ဆန်အမျိုးအစားသည် ပြည်တွင်း၌ စားသုံးနေသည့် ဆန်အမျိုးအစားဖြစ်ပြီး တရုတ်နိုင်ငံ၏ ဝယ်လိုအားပေါ်မူတည်က ပြည်တွင်းဆန်ဈေးနှုန်းသည်လည်း အတက်အကျရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း ပင်လယ်ရေကြောင်းမှ အဓိကတင်ပို့နေသော ၂၅ မှတ်ဆန် ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုနည်းလာသည့်အတွက် ၂၅ မှတ် ဆန်တစ်အိတ်ကို ၂၀၅၀၀ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။

Most Read

Most Recent