ဘဏ်များ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ အာမခံလုပ်ငန်းများ၊ အများပိုင်လုပ်ငန်းများ လိုက်နာ ကျင့်သုံးရမည့် နိုင်ငံတကာ ဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံများ သတ်မှတ်ပြဋ္ဌာန်း

ဘဏ်များ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ အာမခံလုပ်ငန်းများ၊ အများပိုင်လုပ်ငန်းများ လိုက်နာ ကျင့်သုံးရမည့် နိုင်ငံတကာ ဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံများ သတ်မှတ်ပြဋ္ဌာန်း
Published 7 July 2018

ပုဂ္ဂလိက ဘဏ်တစ်ခု၏ ရန်ကုန်မြို့ရှိ ဘဏ်ခွဲလုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

မြန်မာနိုင်ငံစာရင်းကောင်စီသည် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေပုဒ်မ ၁၇၊ ပုဒ် မခွဲ (ဃ) တွင် ဖော်ပြထားသည့် လုပ်ပိုင်ခွင့်နှင့် တာဝန်များအရ အမိန့်ကြော်ငြာစာအမှတ် ၁၈/၂၀၁၈ ဖြင့် နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံများ လိုက်နာကျင့်သုံးရန် သတ်မှတ်ပြဋ္ဌာန်းလိုက်သည်။

တည်ဆဲဥပဒေများအရ ဖွဲ့စည်းတည်ထောင်သော အများပြည်သူအကျိုးစီးပွားနှင့် သက်ဆိုင်သည့် လုပ်ငန်းအဖွဲ့အစည်းများ (Public Interest Entities) သည် ဘဏ္ဍာရေး အစီရင်ခံစာတင်ပြရာတွင် နိုင်ငံတကာ ဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံများ (International Financial Reporting) နှင့်အညီ မလွဲမသွေ လိုက်နာကျင့်သုံးရန် သတ်မှတ်ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။

အများပြည်သူ အကျိုးစီးပွားနှင့် သက်ဆိုင်သည့် လုပ်ငန်းအဖွဲ့အစည်းများတွင် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ၂  (ခ) တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသော ငွေရေးကြေးရေး အဖွဲ့အစည်းများဖြစ်သည့် ဘဏ်၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ဇယားဝင်အဖွဲ့အစည်းများ (ကျေးလက်ဖွံ့ဖြိုးရေးဘဏ်၊ စိုက်ပျိုးရေးဘဏ်၊ အသေးစား ငွေရေးကြေးရေးဥပဒေအရ လိုင်စင်ထုတ်ပေးထားသော အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ငွေစုငွေချေးအသင်းများ၊ စာတိုက်ငွေစုဘဏ်)၊ အာမခံလုပ်ငန်း လုပ်ပိုင်ခွင့်ဥပဒေအရ တည်ထောင်ထားသော အာမခံကုမ္ပဏီများနှင့် အာမခံလုပ်ငန်းအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ အရတည်ထောင်ထားသော အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီများ၊ အစိုးရဖက်စပ်ကုမ္ပဏီများ၊ အများပိုင်ကုမ္ပဏီ၏ ထူးခြားအရေးပါသည့် လက်အောက်ခံကုမ္ပဏီများ၊ ငွေချေးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေး ဥပဒေပုဒ်မ (၁၂) တွင် ဖော်ပြထားသော ကုမ္ပဏီများ၊ လုပ်ငန်းအဖွဲ့အစည်းများနှင့် တစ်ဦးချင်းပုဂ္ဂိုလ်များ၊ တည်ဆဲဥပဒေများနှင့်အညီ မြန်မာနိုင်ငံစာရင်းကောင်စီက အခါအားလျော်စွာ သတ်မှတ်ထားသောလုပ်ငန်း အဖွဲ့အစည်းများပါဝင်သည်။

နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာ စံများနှင့်ပတ်သက်၍ နိုင်ငံတကာစာရင်းစံအဖွဲ့(IASB) က အခါအားလျော်စွာပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းနှင့် အသစ်ပြဋ္ဌာန်းခြင်းများကို အချိန်နှင့်တစ်ပြေးညီ၊ သတ်မှတ် ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent