ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 2 မှ ပြည်ပလေကြောင်းလိုင်း ၁၁ ခုကို Terminal 1 သို့ ပြောင်းရွှေ့မည်ဖြစ်ပြီး Biman Bangladesh လေကြောင်းလိုင်းအား ဇူလိုင် ၇ ရက်တွင် ပထမဆုံးပြောင်းရွှေ့မည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 2 မှ ပြည်ပလေကြောင်းလိုင်း ၁၁ ခုကို Terminal 1 သို့ ပြောင်းရွှေ့မည်ဖြစ်ပြီး Biman Bangladesh လေကြောင်းလိုင်းအား ဇူလိုင် ၇ ရက်တွင် ပထမဆုံးပြောင်းရွှေ့မည်
Published 7 July 2018

ရန်ကုန်လေဆိပ်အဆောက်အအုံနှစ်ခုအား တစ်ဆက်တည်းဆက်စပ်တည်ဆောက်နေသည်ကို တွေ့ရစဉ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 2 မှ ပြည်ပလေကြောင်းလိုင်း ၁၁ ခုအား Terminal 1 သို့  အဆင့်ဆင့်ပြောင်းရွှေ့သွားမည်ဖြစ်ပြီး Biman Bangladesh လေကြောင်းလိုင်းအား ဇူလိုင် ၇ ရက်တွင် ပထမဆုံးပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း  Yangon Aerodrome Company Ltd (YACL) မှ ဇူလိုင် ၆ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်ရေးစီမံကိန်းဖြစ်သည့် လေဆိပ် အဆောက်အအုံနှစ်ခုအား တစ်ဆက်တည်း ချိတ်ဆက်တည်ဆောက်ရာတွင် Terminal 2 ရှိ ပြည်ပလေကြောင်းလိုင်းများအားလုံးကို Terminal 1 သို့ အဆင့်ဆင့် ပြောင်းရွှေ့သွားမည်ဖြစ်ဟု သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် ပါဝင်သည့် Terminal 1  နှင့် 2 အား ချိတ်ဆက်ခြင်းလုပ်ငန်းအား ဆောင်ရွက်နေပြီး အဆိုပါလုပ်ငန်းအား အပြီးသတ်နိုင်ရန်မှာ Terminal 2 ရှိ လေဆိပ်ရုံးခန်းများ၊ လေကြောင်းလိုင်းများအား ခေတ္တပြောင်းရွှေ့ရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ ပထမဆုံး Biman Bangladesh  လေကြောင်းလိုင်းအား ဇူလိုင် ၇ ရက် တွင် ပထမဆုံးပြောင်းရွှေ့သွားမည်ဖြစ်ကာ  ယင်းလေကြောင်းလိုင်း၏  BG 060/061  လေယာဉ်ခရီးစဉ်များကို Check in Area ရှိ  Row C Counter  အမှတ်  ၁၁-၁၃ သို့ ပြောင်းရွှေ့ ဆောင်ရွက်သွားမည်ဟု သိရသည်။

ယင်းနောက် ကျန်ရှိသည့်လေကြောင်းလိုင်းများဖြစ်သည့် Air Asia၊ China Airlines၊ Jetstar Asia၊ Malaysia Airlines၊ Myanmar National Airlines၊ Nok Air၊ Qata Airways၊ Thai Airways International၊ Thai Smile Airlines နှင့် Viet Jet Air ဇူလိုင်လကုန်အထိ ဆက်လက်ပြောင်းရွှေ့သွားမည်ဟု သိရသည်။

“ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေနဲ့ နိုင်ငံတကာအဆင့်မီလေဆိပ်တစ်ခု အဖြစ် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရေး  ကြိုးစားနေတာနဲ့အညီ ကျွန်တော်တို့ရဲ့ ခရီးသည်တွေကို အခုလိုအနှစ်သာရ ပြည့်ဝတဲ့ အစီအစဉ်တွေနဲ့ တုံ့ပြန်ကြိုဆိုနိုင်ဖို့ အမြဲ ကြိုးစားနေပါတယ်။  Terminal 2 က အ ပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းတွေကို Terminal 1 ကို ပြောင်းရွှေ့မှာနဲ့အညီ အပြည်ပြည်ဆိုင်ရာ ခရီးသည်များကို ပိုမိုကောင်း မွန်တဲ့ဝန်ဆောင်မှုတွေ ပေးအပ်ဖို့ ရည်ရွယ်ထားပါတယ်” ဟု Yangon Aerodrome Company Ltd (YACL)  မှ Chief Operating Officer ဖြစ်သူ Mr.Jose Angeja က ရန်ကုန်လေဆိပ်သို့ ဝင်ရောက်သည့် ခရီးသည် သုံးသန်းပြည့်မြောက်သည့် အခမ်းအနားတွင် ပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းစီမံကိန်းတွင်  Terminal 1 နှင့် 2 အား ချိတ်ဆက်ခြင်း၊ လက်ရှိလေယာဉ်ပြေးလမ်းအား တိုးချဲ့ခြင်း၊  လေယာဉ်ရပ်နားရာနေရာအား တိုးချဲ့ခြင်း၊    Cargo အဆောက်အအုံအား တိုးချဲ့ခြင်း၊  VIP/CIP Terminal အသစ်တည်ဆောက်ခြင်း လုပ်ငန်း၊ Terminal 2 အဆင့်မြှင့်တင်ရန် နည်းလမ်းများရှာဖွေခြင်း စသည့်လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ၂၀၁၇ ခုနှစ်တွင် ခရီးသည်ပေါင်း ၅ ဒသမ ၉၂ သန်း၊ ၂၀၁၆ ခုနှစ်တွင် ခရီးသည် ပေါင်း ၅ ဒသမ ၄၅ သန်းအား ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent