YBS ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းသည့် ဆံပင်ရှည်နှင့် မိန်းကလေးအချို့ ဆံပင်ဖြတ်ယူခြင်း ခံရမှုများရှိနေ

YBS ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းသည့် ဆံပင်ရှည်နှင့် မိန်းကလေးအချို့ ဆံပင်ဖြတ်ယူခြင်း ခံရမှုများရှိနေ
Published 7 July 2018

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းများပေါ်တွင် လိုက်ပါစီးနင်းလာသည့် ဆံပင်ရှည်ထားသော မိန်းကလေးအချို့၏ ဆံပင်များဖြတ်ယူခံရမှု အချို့ ဖြစ်ပေါ်နေကြောင်း ဇူလိုင် ၆ ရက်တွင် ကာယကံရှင်မိန်းကလေးများထံမှ စုံစမ်းသိရသည်။

အဆိုပါ YBS ယာဉ်ပေါ်တွင် ဆံပင် ဖြတ်ခံခဲ့ရသည့် မိန်းကလေးအချို့မှာ ဆံပင်ရှည်ထားသူများဖြစ်ပြီး ယာဉ်၏နောက်ဆုံး ခုံတန်း၏ ရှေ့ခုံတွင် ထိုင်၍လိုက်ပါ စီးနင်းလာသူအများစုမှာ ယင်းသို့ဆံပင် ဖြတ်ယူ ခံရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ဆံပင်ဖြတ်ယူခံရမှုနှင့် ပတ်သက်၍ ကာယကံရှင်အချို့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲြ့ကပြီး ဆံပင်ဖြတ်ခံရသည့် မိန်းကလေးတစ်ဦး ဖြစ်သည့် မြောက်ဒဂုံမြို့တွင် နေထိုင်သည့် မသင်းသီရိအား ဆက်သွယ် မေးမြန်းရာ ၎င်းက “ ညီမက တောင်ဥက္ကလာ ဘေလီထိပ်ကနေပြီးတော့ ဆူးလေကို YBS ၂၉ ကားနဲ့ စီးလာတာပါ ။ ဂိတ်စဂိတ်ဆုံးပေါ့။ ကားစီးတော့ ထိုင်ခုံက နောက်ဆုံးခုံတန်းရဲ့ရှေ့ခုံမှာ ထိုင်တာပါ။ မှန်ဘက်အခြမ်းပေါ့။ နံနက် ၇ နာရီကျော်လောက်က စီးတာပါ။ ညီမက ကားပေါ်တက်တာနဲ့ ပဋ္ဌာန်းရွတ်တယ်။ တစ်လမ်းလုံးကလည်း ဘုရားစာရွတ်လာတော့ ပတ်ဝန်းကျင်ကိုသိပ်ပြီး သတိမထားမိဘူးလေ ”ဟု ပြောကြားသည်။

ဆက်လက်၍ မသင်းသီရိက ၎င်းဆံပင် ဖြတ်ခံထားရသည်ကို ယာဉ်ပေါ်တွင် သိရှိခဲ့ ခြင်းမရှိဘဲ ၎င်း အလုပ်သည့်လုပ်ငန်းခွင်သို့ ရောက်သည့်အချိန်တွင် လုပ်ဖော်ကိုင်ဖက်များက ပြောပြမှသာ သိရှိခဲ့ရကြောင်း၊ ယာဉ်ပေါ်ရှိ ခုန်ပေါ်တွင် ထိုင်နေသည့်အချိန်တွင်  ဆံပင်ကို တစ်ဝက်စည်း၍ တစ်ဝက်ကိုချထားခဲ့မိကြောင်း ပြောကြားသည်။

“ကားစီးတဲ့အချိန်မှာ ဆံပင်တစ်ဝက်ကိုစီးပြီး တစ်ဝက်ကို ချထားတာပါ။ ကားပေါ်မှာတော့ ဆံပင်ကို နောက်ကဖိမိတဲ့ ပုံစံတွေ ဘာတွေရှိတယ်။ အဲ့ဒီအချိန်မှာတော့ နောက်က လူက ဒီအတိုင်းပဲ မတော်တဆဖိမိ တယ်လို့ထင်တာပါ။ ကားစီးတာကားကြပ်တဲ့ အချိန်တွေ မတ်တတ်ရပ်စီးရတဲ့အချိန်တွေ ဆိုရင်တော့ ဂရုစိုက်ပါတယ်။ အခုကထိုင်ခုံမှာ ထိုင်စီးရတဲ့အခါကြတော့ သိပ်ပြီးတော့ ဂရုတော့မစိုက်မိဘူးပေါ့။ ဆံပင်ကတော့ အနှစ်နှစ် အလလ အရှည်ရဖို့ထားခဲ့ရတာ ဆိုတော့ နှမြောတာပေါ့ ” ဟု မသင်းသီရိက ပြောကြားသည်။

အလားတူ Facebook စာမျက်နှာတစ်ခုဖြစ်သည့်  May Sandar Aung အမည်ဖြင့် အကောင့်တွင်လည်း YBS အမှတ် (၄) ယာဉ်တစ်စီးကို စီးခဲ့ပြီး ထိုသို့ စီးသည့်အချိန်တွင် ကားတွင် လိုက်ပါစီးနင်းသည့် ခရီးသည် အနည်းငယ်သာရှိကာ ယာဉ်၏နောက်ဆုံးခုံတန်း၏ ရှေ့တစ်ခုံတွင်ထိုင်၍ စီးခဲ့ကြောင်း၊ ယင်းသို့စီးသည့်အချိန်တွင် ဆံပင်ကိုနောက်ကျောတွင် ချထားခဲ့ပြီး ယာဉ်ပေါ်မှ ဆင်းကာ နီးအချိန်တွင် ဆံပင်အား နောက်ကျောသို့ ပြန်ချခဲ့ပြီး ထသည့်အချိန်၌ဆံပင်မှာ အဆွဲခံရသလိုဖြစ်သွားခဲ့ပြီး ခေါင်းနောက်သို့ လန်သွားခဲ့ကြောင်း၊ ထိုအချိန်တွင် ဆံပင်ဖြတ်ခံရသည်ကိုမသိရှိခဲ့ဘဲ အိမ်သို့ ပြန်ရောက်မှသာ ဆံပင်ဖြတ်ခံထားရသည်ကို သိရှိခဲ့သည်  ရေးသားထားသည်ကို တွေ့ရသည်။

ထိုသို့ ဆံပင်ဖြတ်ခံရမှုများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှရဲအရာရှိတစ်ဦးက  YBS ယာဉ်အများစုမှာ လုံခြုံရေးကင်မရာ တပ်ဆင်ထားမှုများရှိပြီး ထိုသို့ ဆံပင်ဖြတ်ခံရသူများအနေဖြင့် သက်ဆိုင်ရာ ရဲစခန်း အသီးသီးသို့ လာရောက်တိုင်တန်းခဲ့ပါက မိန်းမ၏ ကာယိန္ဒြေပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှုကျူးလွန်ခြင်း ပုဒ်မဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ ၃၅၄ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူအား အရေးယူဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါပုဒ်မမှာ အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်ကြောင်း  နှင့် ရဲအရေးပိုင်သည့် ပုဒ်မဖြစ်ကာ ဝရမ်းမပါ ဘဲဖမ်းဆီး၍ရကြောင်း၊ အာမခံပေးလို့ရပြီး နှစ်ဖက်အပြန်အလှန် ကျေအေးခွင့်မရှိကြောင်း ပြောကြားသည်။

Most Read

Most Recent