မစ္စတာရော့စတာလင်ဒန်ကလေ အပါအဝင် ခုနစ်ဦးကို မူးယစ်ဆေးဝါးပုဒ်မနှစ်ခုဖြင့် အနောက်ပိုင်းခရိုင်တရားရုံးတွင် စတင်တရားစွဲ

မစ္စတာရော့စတာလင်ဒန်ကလေ အပါအဝင် ခုနစ်ဦးကို မူးယစ်ဆေးဝါးပုဒ်မနှစ်ခုဖြင့် အနောက်ပိုင်းခရိုင်တရားရုံးတွင် စတင်တရားစွဲ
Published 7 July 2018

ရော့ဒန်ကလေအပါအဝင် ခုနစ်ဦးအား ဇူလိုင် ၆ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ-ကြည်နိုင်)

အပြည်ပြည်ဆိုင်ရာ မီဒီယာအတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသူ မစ္စတာရော့စတာလင်ဒန်ကလေ၊ မစ္စတာဂျွန်မက်ကန်ဇီနှင့် မြန်မာအမျိုးသားငါးဦးတို့အား မူးယစ်ဆေးဝါးပုဒ်မနှစ်ခုဖြင့် ရန်ကုန်မြို့ အနောက်ပိုင်းခရိုင်တရားရုံးတွင် ဇူလိုင် ၆ ရက်က စတင်တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ တရားစွဲဆိုရာတွင် မူလက ဖမ်းဆီးထားသည့် စုစုပေါင်းကိုးဦးအနက် ခုနစ်ဦးကိုသာ တရားစွဲဆိုခြင်းဖြစ်ပြီး  ဥပဒေရုံး၏ အကြံပြုချက်အရ အခြားနှစ်ဦးမှာ အမှုစွဲတင်သည့်အခါ မပါတော့ခြင်း ဖြစ်သည်။

အနောက်ပိုင်းခရိုင်တရားရုံးမှ သတင်းပြန်ကြားရေးအရာရှိ ဦးဌေးအောင်က “ဒီအမှုမှာ စတင်တိုင်ကြားစဉ်ကတော့ မစ္စတာရော့စတာလင်ဒန်ကလေပါ ကိုးဦးကို တိုင်ကြားခဲ့ပေမဲ့ တရားစွဲတင်တဲ့အခါမှာ ကျွန်တော်တို့ မစ္စတာရော့စတာလင်ဒန်ကလေပါ ခုနစ်ဦးကိုသာ တရားစွဲတင်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဦးကတော့ ဒီအမှုမှာ တရားစွဲတင်တဲ့ အခါမှာ သူတို့တရားစွဲတင်ဖို့ ခိုင်လုံမှုမရှိတဲ့အတွက် အမှုစွဲတင်တဲ့အခါ ပါဝင်လာခြင်း မရှိပါဘူး။ စပြီးတော့ ဖမ်းဆီးတုန်းက ကိုးယောက်ဖြစ်ပါတယ်။ တရားစွဲတင်တဲ့အခါ ခုနစ်ဦးဖြစ်ပါတယ်” ဟု တရားရုံးချိန်းအပြီးတွင် မီဒီယာများအား ဖြေကြားသည်။

ဇူလိုင် ၆ ရက်ရုံးချိန်းတွင် သြစတြေးလျနိုင်ငံသားနှင့် ဗြိတိန်နိုင်ငံသားတို့နှစ်ဦးအတွက် လိုက်ပါဆောင်ရွက်ရန် တစ်ဦးလျှင် ရှေ့နေသုံးဦးစီဖြင့် ရှေ့နေခြောက်ဦးက ကိုယ်စားလှယ်စာတင်ခဲ့ကြောင်း အနောက်ပိုင်း တရားရားရုံး ပြန်ကြားရေးမှသိရသည်။ ကျန်စွပ်စွဲခံရသူများအနေဖြင့် နောက်တစ်ပတ်ရုံးချိန်း ဇူလိုင် ၁၂ ရက်တွင် ရှေ့နေငှားရမ်းကာ ကိုယ်စားလှယ်စာတင်သွားမည်ဖြစ်ကြောင်း ဆက်လက်သိရသည်။

အဆိုပါအမှုဖွင့်ခံရသူ ခုနစ်ဦးကို  ဗဟန်းမြို့မရဲစခန်းမှ ဒုရဲမှူးခင်မောင်ဝင်းက တရားလိုပြုလုပ် တရားစွဲဆိုခြင်းဖြစ်ပြီး အနောက်ပိုင်းခရိုင်တရားရုံးတွင် ရာဇသတ်ကြီးအမှု အမှတ် (၈၇) ဖြင့် အမှုဖွင့်လှစ်ကာ တွဲဖက်ခရိုင် တရားသူကြီး (၄) ဦးညီညီအေးက စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ဗဟန်းရဲစခန်းက တရားစွဲဆိုတင်ပို့သော ပုဒ်မမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ  ၁၉ (က)/ ၂၁ ဖြစ်ပြီး အဆိုပါပုဒ်မများသည် ပြစ်မှုထင်ရှားလျှင် အများဆုံး ထောင်ဒဏ် ၁၀ နှစ်မှ နှစ်အကန့်အသတ်မရှိ ချမှတ်နိုင်သော ပုဒ်မများဖြစ်ကြောင်း အနောက်ပိုင်း ခရိုင်တရားရုံးမှ သိရသည်။

ဗပာန်းမြို့နယ် သာသနာ့ရိပ်သာရပ်ကွက်ရှိ မစ္စတာရော့စတာလင်ဒန်ကလေ၏ နေအိမ်သို့ မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအပါအဝင်  ဗြိတိန်နိုင်ငံသား မစ္စတာဂျွန်မက်ကန်ဇီနှင့် အမျိုးသမီး ခြောက်ဦး၊ အမျိုးသားတစ်ဦးတို့ကို တွေ့ရှိခဲ့ပြီး နေအိမ်အတွင်းဆက်လက်ရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား၊ WY ဆေးပြား၊ ဆေးခြောက်၊ ဘိန်းဖြူအမှုန့်၊ ဘိန်းဆီခဲ အပါအဝင် နိုင်ငံခြားငွေကြေးများကို ရှာဖွေတွေ့ရှိခဲ့ကာ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent