မြောက်ဦး ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန် မေးခွန်းထုတ်ခဲ့သဖြင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)၊ ပုဒ်မ ၁၀ တို့ဖြင့် ဖမ်းဆီး ခံထားရသူ ဦးအောင်သန်းဝေအား စစ်တွေမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်

မြောက်ဦး ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန် မေးခွန်းထုတ်ခဲ့သဖြင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)၊ ပုဒ်မ ၁၀ တို့ဖြင့် ဖမ်းဆီး ခံထားရသူ ဦးအောင်သန်းဝေအား စစ်တွေမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်
Published 6 July 2018

မြောက်ဦး ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန် မေးခွန်းထုတ်ခဲ့သဖြင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)၊ ပုဒ်မ ၁၀ တို့ဖြင့် အမှုဖွင့်ခံရပြီး ဇွန် ၂၁ ရက် ညနေက ဖမ်းဆီးခံခဲ့ရသော ဦးအောင်သန်းဝေအား ဇူလိုင် ၅ ရက်က စစ်တွေမြို့နယ် တရားရုံးတွင် ပထမအကြိမ် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

ဦးအောင်သန်းဝေ၏ လူမှုကွန်ရက် Facebook တွင် “လူသတ် လက်နက်နဲ့ ရခိုင်ပြည်နယ် အတွင်းရေးမှူး (ဟောင်း) ဦးတင်မောင်ဆွေ၊ မြောက်ဦး လူသတ်မှု (တရားခံ) ဘယ်သူလဲ”ဆိုသည့်ပို့စ်ကို ဇွန် ၁၈ ရက်က ရေးသားဖော်ပြခဲ့ကြောင်းနှင့် ယင်းသို့ရေးသားသည့်အတွက် ပုဒ်မ ၆၆ (ဃ) ဖြင့် စွဲဆိုခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း ပုဒ်မ ၆၆(ဃ) မှာ အာမခံရရှိခဲ့သည့်တိုင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ရေး ဥပဒေပုဒ်မ ၁၀ ဖြင့်လည်း အမှုဖွင့်ထားသဖြင့် ပုဒ်မနှစ်ခုဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ကတော့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ရေးဥပဒေ ပုဒ်မ ၁၀ နဲ့ မြို့နယ်တရားရုံးမှာ စွဲချက်တင်ပါတယ်။ ကျွန်တော်ကလည်း ရှေ့နေပါဝါ တင်ပါတယ်။ စစ်ဆေးတာတော့ မရှိပါဘူး။ နောက်နေ့ ရုံးချိန်းကို ၁၁ ရက်ကို ချိန်းဆိုလိုက်ပါတယ်။ တစ်မှုတည်းသာ စွဲတင်ပါသေးတယ်” ဟု ဦးအောင်သန်းဝေ၏ အမှုအား လိုက်ပါ ဆောင်ရွက်သူ ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောကြားသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေက လက်မှတ်ထိုးပြီး မြို့မရဲစခန်းတွင် အမှုဖွင့်သဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ဦးအောင်သန်းဝေ၏ ပြောကြားချက်အရ သိရသည်။

“ပုဒ်မ ၁၀ နဲ့ ဒီနေ့ စစ်တွေမြို့နယ် တရားရုံးမှာ တရားစွဲတင်ပါတယ်။ ၁၁ ရက်နေ့မှာ ထပ်မံ ရုံးချိန်းပါတယ်။ ကျွန်တော် ပြောချင်တာက အချက်နှစ်ချက် ရှိတယ်။ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့၊ ရင်ကြားစေ့ရေးကို လုပ်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံ မကြာခင် ကျင်းပသွားဖို့ ရှိတယ်။ အဲဒီမတိုင်ခင် ဒေါက်တာ အေးမောင်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးစေချင်တယ်။ ဇန်နဝါရီလအတွင်း က ရိုးသားတဲ့ ဒေသခံ တိုင်းရင်းသား ပြည်သူတွေကို အကြမ်းဖက်တဲ့နည်းနဲ့ သတ်ဖြတ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို အမြန်ဆုံးဖော်ထုတ် အရေးယူပေးဖို့အတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ဗဟိုဥက္ကဋ္ဌ ဖြစ်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုလိုပါတယ်”ဟု ရုံးထုတ်စဉ် ဦးအောင်သန်းဝေက ပြောကြားသည်။ အဆိုပါအမှုကို ဇူလိုင် ၁၁ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent