ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ပြီးနောက် တရားစွဲဆိုမှု ၃၃ မှုရှိပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် ပတ်သက်၍ ကြားလူက တရားစွဲဆိုမှု မတွေ့ရှိသေးကြောင်း သိရ

ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ပြီးနောက် တရားစွဲဆိုမှု ၃၃ မှုရှိပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် ပတ်သက်၍ ကြားလူက တရားစွဲဆိုမှု မတွေ့ရှိသေးကြောင်း သိရ
Published 6 July 2018

ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ပြီးနောက် တရားစွဲဆိုမှု ၃၃ မှုရှိပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် ပတ်သက်၍ ကြားလူက တရားစွဲဆိုမှု မတွေ့ရှိသေးကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ (အသံ) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ (အသံ) မှ ၂၀၁၅ ခုနှစ် အောက်တိုဘာမှ ၂၀၁၈ ခုနှစ် ဇူလိုင် ၄ ရက်အထိ ကောက်ခံရရှိသော စာရင်းများအရ ဆက်သွယ်ရေးဥပဒေဖြင့် တရားရုံးတင်ပြီး တရားစွဲဆိုမှု စုစုပေါင်း ၁၃၄ မှုအထိ ရှိလာကြောင်း သိရသည်။ အဆိုပါ ၁၃၄ မှုထဲတွင် ယခင်အစိုးရ လက်ထက်က ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုမှု ၁၁ မှုသာ ရှိခဲ့ကြောင်း သိရသည်။

“၂၀၁၅ အောက်တိုဘာကနေပြီးတော့ ၂၀၁၈ ခုနှစ် ဇူလိုင် ၄ ရက်အထိ စုစုပေါင်း ၁၃၄ မှုရှိတယ်။ အဲဒီထဲမှာ အရင်အစိုးရတုန်းက ၁၁ မှုပဲရှိတယ်။ လက်ရှိအစိုးရ လက်ထက်မှာတော့ နှစ်ပိုင်း ခွဲလိုက်တယ်။ ဥပဒေမပြင်မီ နဲ့ ပြင်ပြီး ဆိုပြီးတော့။ ဥပဒေမပြင်ခင် အမှု ၉၀ ရှိတယ်။ ဥပဒေပြင်ပြီးမှ ၃၃ မှု ရှိတယ်။ အဲဒီ ၃၃ မှုထဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ ပတ်သက်ပြီးတော့ တရားစွဲဆိုတာတွေ မတွေ့ရသေးပါဘူး”ဟု လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ (အသံ)မှ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက ပြောကြားသည်။

NLD အစိုးရ လက်ထက်တွင် ဥပဒေ မပြင်ဆင်သေးမီအချိန်တွင် တရားစွဲဆိုသော အမှုအရေအတွက်မှာ ၉၀ ရှိပြီး အဆိုပါ အမှုများထဲတွင် တပ်မတော်က တရားစွဲဆိုခဲ့သောအမှု ခုနစ်မှု၊ NLD ပါတီက တရားစွဲဆိုခဲ့သောအမှု ရှစ်မှုနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ကြားလူများက တရားစွဲဆိုခဲ့သောအမှု ၁၀ မှုရှိကြောင်း၊ ဥပဒေပြင်ဆင်ပြီးချိန်တွင် တရားစွဲဆိုသော အမှုပေါင်း ၃၃ မှုရှိပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် ပတ်သက်၍ ကြားလူက တရားစွဲဆိုမှု မတွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ ဆက်သွယ်ရေးဥပဒေဖြင့် သတင်းမီဒီယာသမားများအပေါ် တရားစွဲဆိုထားမှု ၁၈ မှုရှိပြီး သတင်းသမား ၂၆ ဦး တရားရင်ဆိုင်လျက် ရှိကြောင်း သိရသည်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၇ ရက်က ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ချက်အား နိုင်ငံတော်သမ္မတက အတည်ပြုခဲ့ပြီး ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း နှင့် ခြိမ်းခြောက်ခြင်း အချက်လေးချက်အား ပြင်ဆင်ခဲ့သည်။

 

Most Read

Most Recent