NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တပ်မတော်တို့အကြား ထိတွေ့မှုများမှာ ယခင်ကထက် ရာခိုင်နှုန်း ၈၀ ခန့် လျော့ကျသွားကြောင်း JMC-U အတွင်းရေးမှူး (၂) ပြောကြား

NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တပ်မတော်တို့အကြား ထိတွေ့မှုများမှာ ယခင်ကထက် ရာခိုင်နှုန်း ၈၀ ခန့် လျော့ကျသွားကြောင်း JMC-U အတွင်းရေးမှူး (၂) ပြောကြား
Published 6 July 2018

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တပ်မတော်တို့အကြား ထိတွေ့မှုများမှာ ရာခိုင်နှုန်း ၈၀ ခန့် လျော့ကျသွားကြောင်း JMC-U အတွင်းရေးမှူး (၂) တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ သုံးရက်တာ ပြုလုပ်သည့် (၁၇) ကြိမ်မြောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးကြီးဝဏ္ဏအောင် ထိုသို့ ပြောကြားခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဒါကတော့ သိသိသာသာတော့ လျော့နည်းလာတာ ရှိပါတယ်။ အခုဆို ကျွန်တော်တို့ မဖြစ်သလောက်ထိကို ကျွန်တော်တို့ လျော့နည်းသွားတာပေါ့နော်။ ဘာပဲဖြစ်ဖြစ် မတော်တဆ ထိတွေ့မှုတွေကတော့ ရှိနေကြဦးမှာပဲ။ အခု နောက်ဆုံးအခြေအနေအရ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့က တော်တော်လေးကို လျော့ကျသွားတယ်ဆိုတာတော့ ကျွန်တော်တို့ ဒါကတော့ ပေါ်လွင်ပါတယ်။ အကြိမ်အရေအတွက်အရတော့ ခန့်မှန်းပြီးတော့ ပြောတာမျိုးမဟုတ်ဘဲနဲ့ ရာခိုင်နှုန်းနဲ့ ပြောမယ်ဆိုရင်တော့ ရာခိုင်နှုန်း ၈၀ လောက်ကို လျော့ကျသွားနိုင်တယ်လို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်” ဟု ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောကြားသည်။

လက်ရှိတွင် NCA စာချုပ်ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိပြီဖြစ်သည်။ ၎င်းအဖွဲ့များအနက် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) သည် တပ်မတော်နှင့် မကြာခဏ ထိတွေ့မှုများ ဖြစ်လေ့ရှိကာ ကရင်ပြည်နယ် ဖာပွန်ဒေသတွင် မတ်လအတွင်းက တပ်မတော်က လမ်းဖောက်လုပ်ခြင်းနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တပ်မတော်တို့ ထိတွေ့မှုများ ဖြစ်ပွားခဲ့သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် KNU ဥက္ကဋ္ဌတို့ တွေ့ဆုံကြပြီး အဆိုပါ လမ်းဖောက်လုပ်ခြင်းကိစ္စကို ခေတ္တဆိုင်းငံ့ထားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် NCA စာချုပ်တွင်လက်မှတ် ရေးထိုးခဲ့ပြီးနောက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကို ဖွဲ့စည်းခဲ့သည်။

“တိုးတက်မှုတွေအနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ အစိုးရအကြားမှာတော့ ပစ်ခတ်တိုက်ခိုက်မှုတွေကိုတော့ သိသိသာသာ မရှိသလောက်ကိုလည်း လျော့နည်းသွားတဲ့ အနေအထားကတော့ ကိုယ်တို့ JMC ရဲ့ တိုးတက်မှု ပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်တို့ JMC ဟာဆိုရင် ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းအောင် ဆောင်ရွက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်ကို အောင်မြင်ဖို့အတွက်လည်း ကြိုးစားနေပါတယ်။ JMC က တစ်ဖက်မှာ ဒီလိုကြိုးစားခြင်းအားဖြင့် တစ်ဖက်မှာ UPDJC ဆိုတဲ့ နိုင်ငံရေး ဆွေးနွေးပွဲကတော့ အောင်အောင်မြင်မြင်နဲ့ အေးအေးချမ်းချမ်းနဲ့ ပိုပြီး ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက် ဒီ JMC ရဲ့အဓိက တိုးတက်မှုက ဘာလဲပြောလိုက်ရရင်တော့ လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေကြားမှာ ပစ်ခတ်တိုက်ခိုက်မှုတွေကတော့ သိသိသာသာ လျော့ကျသွားပြီးတော့ မရှိသလောက် ဖြစ်ပါတယ်ဆိုတာကိုတော့ ပြောလိုပါတယ်” ဟု ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောကြားသည်။

JMC တွင် စိန်ခေါ်မှုများအနေဖြင့် သီးခြားမရှိကြောင်း ဗိုလ်မှူးကြီးဝဏ္ဏအောင်က ဆိုသည်။

“စိန်ခေါ်မှုအနေနဲ့ကတော့ သီးခြားမရှိပါဘူး။ ဘာလို့လဲဆိုတော့ JMC ရဲ့ သက်တမ်းကလည်း သုံးနှစ်ထဲမှာ ရှိပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ်နှစ် ၆၀ ကျော် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ဖြေရှင်းတာတော့ ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် စိတ်တူမှုကတော့ အများကြီးညှိနှိုင်းပြီးတော့ ပူူးပေါင်းလက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

“ပထမဦးဆုံး ကျွန်တော်တို့ ပစ်ခတ်ရပ်စဲရေးပြီးတဲ့နောက်ပေါ့နော်။ ကျွန်တော်တို့ တိုးတက်မှုအရ ပြောမယ်ဆိုရင်တော့ နှစ်ဖက်ကြားထဲမှာ ထိတွေ့မှုတွေ မရှိသလောက်ပေါ့။ ဒါပေမဲ့ ထိတွေ့မှုတွေ မရှိသလောက်ဆိုရင် ထိတွေ့မှုတွေ ရပ်သွားပြီလားဆိုတော့ ရပ်တဲ့ အခြေအနေမျိုးတော့ မရှိသေးဘူး။ ဆိုတော့ အထူးသဖြင့်တော့ RCSS နဲ့တပ်ကြားထဲမှာ ထိတွေ့မှုတွေရှိနေတယ်။ သို့သော်လည်း အရင်ထက်စာရင်တော့ နည်းသွားတာ ပြောလို့ရတာပေါ့။ စိန်ခေါ်မှု ကြီးကြီးမားမား ပြောမယ်ဆိုရင်တော့ အဓိကစိန်ခေါ်မှုက ထိတွေ့မှုတွေကို လုံး၀ ကျွန်တော်တို့ မရပ်စဲနိုင်သေးတဲ့ အခြေအနေလို့ ပြောရမှာပေါ့” ဟု JMC-U အဖွဲ့ဝင် ဆလိုင်းယောအောင်က ဆိုသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အခြေအနေ၊ NCA စာချုပ်၏ တပ်ပိုင်းဆိုင်ရာကိစ္စများ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ထိန်းသိမ်းလိုက်နာခြင်းနှင့် ပတ်သက်၍ စောင့်ကြည့်လေ့လာခြင်း၊ ပေါ်ပေါက်လာသော အငြင်းပွားမှုများအား ဖြေရှင်းရာတွင် ဘက်လိုက်မှုကင်းပြီး ပွင့်လင်းမြင်သာမှု အခြေခံဖြင့် ငြိမ်ချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် JMC ကို ဖွဲ့စည်းထားခြင်းဖြစ်သည်။

Most Read

Most Recent