<

NLD အစိုးရသည် မူလရည်မှန်းချက်အတိုင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဟူသော ရွေးကောက်ပွဲ ကတိက၀တ်အတွက် ပြန်လည်ဆောင်ရွက်သင့်ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် အကြံပြု

NLD အစိုးရသည် မူလရည်မှန်းချက်အတိုင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဟူသော ရွေးကောက်ပွဲ ကတိက၀တ်အတွက် ပြန်လည်ဆောင်ရွက်သင့်ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က အကြံပြုထားသည်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက် (KPSN) က ထုတ်ပြန်သည့် “ရှေ့ဆက်ရန် မဖြစ်နိုင်တော့သည့် မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးမှုခရီး မြေယာကဏ္ဍဆွေးနွေးမှုမှ ချဉ်းကပ်လေ့လာခြင်း အစီရင်ခံစာ” တွင် ထိုသို့ဖော်ပြထားခြင်းဖြစ်သည်။

လက်ရှိမြန်မာငြိမ်းချမ်းရေး ဖြစ်စဉ်သည် ရေရှည်ငြိမ်းချမ်းရေး (သို့) ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုသစ်ဆီသို့ ဦးတည်ရန် မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်နေသည်မှာ အငြင်းပွားဖွယ်ရာမရှိ ရှင်းလင်းနေပြီဖြစ်ကြောင်း၊ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကို စစ်ရေး၊ နိုင်ငံရေးနှင့် အာဏာရှင်ဆန်သော စည်းမျဉ်းဥပဒေများဖြင့် အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လွန်စွာအရေးကြီးသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုများအပေါ် အနှောင့်အယှက်ပေး ပိတ်ဆို့ခြင်း၊ အရေးကြီးအစုအဖွဲ့တို့၏ ပါဝင်မှုအား ဖယ်ချန်ထားခြင်း၊ အရေးကြီးလှသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် ရေရှည်ငြိမ်းချမ်းရေး ရရှိရန်အတွက် မဖြစ်မနေ ဆွေးနွေးရန် လိုအပ်သည့် အဓိကအချက်များကို ဆွေးနွေးခွင့်မပေးခြင်း၊ တားမြစ်ခြင်း၊ အစရှိသည့် လုပ်ဆောင်မှုများဖြင့် ကြိုးကိုင်လျက်ရှိကြောင်း အစီရင်ခံစာတွင် တပ်မတော်အား စွပ်စွဲထားသည်။

ဒီမိုကရက်တစ်ဖက်ဒရယ်ဆီသို့ လှမ်းချီပြုပြင်ပြောင်းလဲနိုင်ရေးသည် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ် တွေ့ဆုံဆွေးနွေးမှု၏ အဓိကကျသောအပိုင်းဖြစ်ပြီး မြေယာနှင့်သဘာဝ အရင်းအမြစ်များအပေါ် ပြည်ထောင်စုအစိုးရကို အာဏာနှင့် လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအ၀င် တည်ဆဲဥပဒေများအား ပြင်ဆင်ခြင်းနှင့် ဖျက်သိမ်းခြင်းဆိုင်ရာ လုပ်ဆောင်ခြင်းများအပေါ်တွင် များစွာမူတည်လျက်ရှိကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

ထို့ပြင် လက်ရှိမြေယာနှင့်သဘာဝ အရင်းအမြစ်ကဏ္ဍ စီမံခန့်ခွဲမှုစနစ်မှ ဖက်ဒရယ်ကျကျ စီမံခန့်ခွဲမှုစနစ်ဆီသို့ ပြောင်းလဲနိုင်ရေးသည် စစ်မှန်သောငြိမ်းချမ်းရေးနှင့် တိုက်ရိုက် ဆက်စပ်လျက်ရှိပြီး ဤသို့သော ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နိုင်မှုမရှိခြင်းသည် ပဋိပက္ခ၏ အဓိက တွန်းအားဖြစ်နေကြောင်းလည်း အစီရင်ခံစာတွင် ပါရှိသည်။

KPSN ၏ အကြံပြုချက်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အကန့်အသတ်နှင့် ကင်းလွတ်သော နိုင်ငံရေးဆွေးနွေးမှုနှင့် ဆွေးနွေးအဖြေရှာမှုများ ပါဝင်သော မူဘောင်အသစ်တခုကို ရေးဆွဲဖော်ထုတ်ရမည် ဖြစ်ကြောင်း ပါရှိသည်။

ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများ လုပ်ငန်းစဉ်တစ်လျှောက် အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းများကို ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ် ကျင့်သုံးနိုင်သည်အထိ ခေတ္တရပ်ဆိုင်းထားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် လူမှုအသိုင်းအ၀ိုင်းများအကြား တွေ့ဆုံ ဆွေးနွေးမှုများကိုသော်လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်းအကြား တွေ့ဆုံမှုများကိုသော်လည်းကောင်း၊ ကန့်သတ်ပိတ်ပင်ခြင်း လုံးဝမရှိရန်လည်း အစီရင်ခံစာတွင် အကြံပြု တောင်းဆိုထားသည်။

ထို့ပြင် NLD အစိုးရသည် ၎င်း၏ မူလရည်မှန်းချက်များအတိုင်း ပြန်လည်ဆောင်ရွက်သင့်ပြီး “တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အာမခံနိုင်ရန်” ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်မည်ဟူသော ရွေးကောက်ပွဲ ကတိက၀တ်အတွက် စတင်တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း အကြံပြုချက်ပါရှိသည်။

ထို့အတူ လက်ရှိတိုင်းရင်းသားလူထု ကိုယ်တိုင် စီမံအုပ်ချုပ်နေသော ကျန်းမာရေး၊ ပညာရေး၊ မြေယာနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲမှုစနစ်များနှင့် တရားရေးယန္တရားများကို မြန်မာအစိုးရ၊ ကုလသမဂ္ဂအေဂျင်စီများနှင့် မြန်မာနိုင်ငံကို ကူညီပံ့ပိုးနေသော အလှူရှင်များက အသိအမှတ်ပြုရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ၏ပံ့ပိုးကူညီမှု ဖြတ်တောက်ခြင်းခံထားရသော ဒုက္ခသည်များနှင့် IDP ပြည်သူများအတွက် နိုင်ငံတကာ အထောက်အပံ့များကို ချက်ချင်းပြန်လည်ကူညီပေးရန်နှင့် နိုင်ငံတကာစံသတ်မှတ်ချက်အတိုင်း ထောက်ပံ့ပေးရမည် ဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် တောင်းဆိုထားသည်။

ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု လုပ်ငန်းစဉ်အား ငွေကြေးကူညီထောက်ပံ့ပေးသော အလှူရှင်များအနေဖြင့် ၎င်းတို့ ထောက်ပံ့ပေးသောငွေများသည် လက်ရှိလမ်းဆုံးရောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ပံ့ပေးခြင်းထက် စစ်မှန်ပြီး အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးအပြောင်းအလဲကို ဦးတည်စေနိုင်သည့် အလှူငွေများဖြစ်ရေးကို ဦးတည် ဆောင်ရွက်သင့်သည်ဟု KPSN ၏ အစီရင်ခံစာတွင် ပါရှိသည်။

KPSN အစီရင်ခံစာတွင် တိုင်းပြည်အတွင်း ဒီမိုကရေစီ၊ ဖက်ဒရယ်မူနှင့် ကိုက်ညီသော မြေယာကဏ္ဍပြုပြင်ပြောင်းလဲမှုသို့ အရောက်သွားနိုင်ရန် လွှတ်တော်အတွင်း မြေယာပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကိုပေးသော ငွေကြေး သို့မဟုတ် နည်းပညာ အထောက်အပံ့များသည် ဒီမိုကရေစီစနစ်ကျကျနှင့် ဖက်ဒရယ်အပေါ်အခြေခံသော မြေယာကဏ္ဍပြုပြင်ပြောင်းလဲနိုင်မှု အခွင့်အလမ်းများကို ဆန့်ကျင်ခြင်းမဖြစ်အောင် သို့မဟုတ် ထိခိုက်မှု တစုံတရာမရှိအောင် သတိထား ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း အကြံပြုထားသည်။

July 5, 2018














Copy Protected by Chetan's WP-Copyprotect.