ငြိမ်းချမ်းရေးအတွက် မန္တလေးကျုံးနံဘေးတွင် ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့ခြင်းကြောင့် ပုဒ်မ ၁၉ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဗကသအဖွဲ့ဝင်နှစ်ဦးအား အောင်မြေသာစံမြို့နယ်တရားရုံးက ထောင်ဒဏ်သုံးလ ချမှတ်

ငြိမ်းချမ်းရေးအတွက် မန္တလေးကျုံးနံဘေးတွင် ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့ခြင်းကြောင့် ပုဒ်မ ၁၉ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဗကသအဖွဲ့ဝင်နှစ်ဦးအား အောင်မြေသာစံမြို့နယ်တရားရုံးက ထောင်ဒဏ်သုံးလ ချမှတ်
Published 6 July 2018

ထောင်ဒဏ်သုံးလချမှတ်ခံရသည့် ဗကသအဖွဲ့ဝင်နှစ်ဦးအား တွေ့ရစဉ်

စစ်ပွဲများရပ်တန့်ပေးရန်နှင့် ငြိမ်းချမ်းရေးအတွက် မန္တလေးကျုံးနံဘေးတွင် ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့ခြင်းကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဗကသအဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့ကို ဇူလိုင် ၅ ရက်၌ အောင်မြေသာစံမြို့နယ် တရားရုံးက ထောင်ဒဏ်သုံးလ ချမှတ်ခဲ့သည်။

ငြိမ်းချမ်းရေးအတွက် မန္တလေးကျုံးနံဘေးတွင် ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့မှုကြောင့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ဗကသအဖွဲ့ဝင် နှစ်ဦးအမှုကို ဇူလိုင် ၅ ရက် နံနက်ပိုင်းက အောင်မြေသာစံမြို့နယ် တရားရုံးတွင် ကိုးကြိမ်မြောက် ရုံးထုတ်ခဲ့သည်။ အပြီးသတ် အမိန့်ချမှတ်မည့်ရုံးချိန်းသို့ ဖမ်းဆီးခံထားရသည့် ဗကသအဖွဲ့ဝင်နှစ်ဦး၏ မိသားစုဝင်များ၊ ဗကသအဖွဲ့ဝင်များအပါအဝင် အမှုအား စိတ်ဝင်စားသူများ လာရောက်ခဲ့ကြသည်။

ပြီးခဲ့သည့် ဇွန် ၂၁ ရက် ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ နောက်ဆုံးကျန်ရှိနေသည့် တရားလိုပြသက်သေ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို စစ်ဆေးခဲ့ပြီးနောက် စွပ်စွဲခံထားရသူ နှစ်ဦးတို့ကို တွဲဖက်မြို့နယ်တရားသူကြီးက ဆက်လက်စစ်ဆေးခဲ့ပြီး အမှုကို အပြီးသတ် အမိန့်ချမှတ်ရန်အတွက် ဇွန် ၂၇ ရက်သို့ ထပ်မံချိန်းဆိုခဲ့သော်လည်း အမှုကိုအပြီးသတ် လျှောက်လဲချက်ကြားနာမှုသာ ပြုလုပ်ခဲ့ပြီး ယခုဇူလိုင် ၅ ရက်သို့ အပြီးသတ် အမိန့်ချမှတ်ရန်အတွက် တရားသူကြီးက ရုံးချိန်းဆက်လက်ချိန်းဆိုခဲ့ခြင်းဖြစ်ကာ ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ပြီး ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ပြုပေးခဲ့သည်။

“ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံကို အယုံအကြည်မရှိတဲ့အတွက် တရားစီရင်ရေးကို သပိတ်မှောက်ထားတယ်။ သုံးလချလိုက်တာကို ဘာမှမပြောလိုဘူး။ အမိန့်ချတာက သူတို့အပိုင်းဖြစ်တယ်။ ကျွန်တော်တို့ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတဲ့ ရပိုင်ခွင့်တွေကို လုယက်ခံထားရတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်ပြီးတော့ အသစ်ပြန်ရေးဆွဲမှဖြစ်မယ်လို့ ပြောချင်တယ်” ဟု ဗကသအဖွဲ့ဝင် ကိုသန်းထိုက်က ပြောကြားသည်။

စစ်ပွဲများရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေးအတွက် မန္တလေးမြို့တော်ခန်းမရှေ့ရှိ ကျုံးနံဘေးတွင် မေ ၈ ရက်ညက ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့မှုနှင့်ပတ်သက်၍ ဗကသအဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့ကို မေ ၁၂ ရက်က ဒိုင်းမွန်းပလာဇာရှေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထိုသို့ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် အမှုနှင့်ပတ်သက်၍ မေ ၁၄ ရက်တွင် အောင်မြေသာစံမြို့နယ် တရားရုံးတွင် စတင်ရုံးထုတ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အမှုကို မေ ၂၅ ရက် သုံးကြိမ်မြောက်ရုံးချိန်းတွင် တရားလိုရဲမှူးနှင့် တရားလိုပြသက်သေနှစ်ဦးကို စတင်စစ်ဆေးခဲ့သည်။ ထို့နောက် အမှုကို ဇွန် ၂၁ ရက် ခုနစ်ကြိမ်မြောက် ရုံးချိန်းတွင် နောက်ဆုံးကျန်ရှိနေသည့် တရားလိုပြသက်သေရဲတပ်ဖွဲ့ဝင်တစ်ဦးကို စစ်ဆေးခဲ့ပြီးနောက် စွပ်စွဲခံထားရသူနှစ်ဦးတို့ကို တွဲဖက်မြို့နယ်တရားသူကြီးက ဆက်လက်စစ်ဆေးခဲ့သည်။ ဇွန် ၂၇ ရက် ရုံးချိန်းတွင် အမှုအား နှစ်ဖက်လျှောက်လဲချက် ကြားနာမှုပြုလုပ်ခဲ့ကာ ဇူလိုင် ၅ ရက်တွင် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ မှာ အာမခံပေးပိုင်ခွင့်ရှိသည့် ပုဒ်မဖြစ်သော်လည်း ဖမ်းဆီးခံခဲ့ရသူနှစ်ဦးက အာမခံရယူခြင်း၊ ခံဝန်ပြုလုပ်ခြင်းများ လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ အချုပ်ဖြင့် အမှုရင်ဆိုင်ခဲ့ကြသည်။ ထို့ပြင် တရားရုံး၏ အမှုစီရင်မှုအပေါ် အယုံအကြည်မရှိဟုဆိုကာ ဖမ်းဆီးခံထားရသည့် ဗကသဝင်နှစ်ဦးက ပြန်လည်ခုခံချေပခြင်း မပြုလုပ်ဘဲ တရားရုံးကိုသပိတ်မှောက်၍ အမှုအား ရင်ဆိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent