တရုတ်နိုင်ငံက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) သို့ Volvo အမျိုးအစား မော်တော်ယာဉ် ၁၀ စီး လှူဒါန်း

တရုတ်နိုင်ငံက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) သို့ Volvo အမျိုးအစား မော်တော်ယာဉ် ၁၀ စီး လှူဒါန်း
Published 6 July 2018

JMC တာဝန်ရှိသူများထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးက မော်တော်ယာဉ် ၁၀ စင်းအား လှူဒါန်းသည့် အခမ်းအနား ပြုလုပ်နေစဉ်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) သို့ Volvo အမျိုးအစား မော်တော်ယာဉ် ၁၀ စီး ဇူလိုင် ၅ ရက်က လှူဒါန်းခဲ့သည်။

အဆိုပါ မော်တော်ယာဉ် လှူဒါန်းခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဇူလိုင် ၅ ရက်က ပြုလုပ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဥက္ကဋ္ဌ အပါအဝင် တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) များမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးကော်မရှင်မှ တာဝန်ရှိသူများနှင့် စသည့် ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

JMC ကို ပြည်ထောင်စုအဆင့်၊ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးအဆင့်နှင့် ဒေသအဆင့်ဟူ၍ ဖွဲ့စည်းထားသည်။

မော်တော်ယာဉ်များ လှူဒါန်းခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Hong Liang က “ယခုအချိန် မြန်မာနိုင်ငံရဲ့ လိုအပ်ချက်အရ တရုတ်သံရုံးမှ JMC-U ထံ လုပ်ငန်းသုံး မော်တော်ယာဉ်တွေ လှူဒါန်းပေးအပ်ရခြင်းက JMC ဝန်ထမ်းတွေ သက်ဆိုင်ရာဒေသကို ပိုမိုလျင်မြန်စွာ သွားရောက်ပြီး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်နဲ့ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန် ဖြစ်ပါတယ်။ ယခုအချိန် လှူဒါန်းတဲ့မော်တော်ယာဉ်တွေက JMC ရဲ့ စွမ်းဆောင်ရည် တိုးမြင့်ရေးအတွက် ဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီက မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ ဘက်အသီးသီးကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို စောင့်ကြည့်သည့် အရေးပါသော အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တွန်းအားပေးရာတွင် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်လျက်ရှိကြောင်း တရုတ်သံအမတ်ကြီးက ပြောကြားသည်။

“မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က မြန်မာနိုင်ငံအောင်မြင်စွာ နိုင်ငံတော် အသွင်ကူးပြောင်းရေးနဲ့ တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လွန်စွာအရေးပါပါတယ်။ မြန်မာနိုင်ငံရဲ့ တောင်းဆိုချက်အရ တရုတ်နိုင်ငံက မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်ပြီး သက်ဆိုင်ရာ ဘက်အသီးသီးကြားမှာ စေ့စပ်ညှိနှိုင်းပေးပြီး တက်ကြွတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ရရှိနေပါတယ်” ဟု တရုတ်သံ အမတ်ကြီးက ပြောကြားသည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဆက်လက်ကူညီပြီး ထောက်ပံ့အားပေးသွားမည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောကြားသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် ဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လာရန်အတွက် ငြိမ်းချမ်းရေး ညှိနှိုင်းဆောင်ရွက်ပေးမှုများကို တွေ့နေရကြောင်း JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။

“ဒီနေ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက မော်တော်ယာဉ် ၁၀ စီး လှူဒါန်းတဲ့အတွက် ကျွန်တော်တို့ JMC ကိုယ်စား JMC ဥက္ကဋ္ဌအနေနဲ့ အများကြီး ကျေးဇူးတင်ရှိပါကြောင်းနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်း ကျွန်တော်တို့ JMC ကို ကျွန်တော်တို့ တစ်နှစ်ကို တစ်သန်းနဲ့ ဒေါ်လာသုံးသန်းလည်း ယခင်က ကျွန်တော်တို့ လှူဒါန်းခဲ့တာ ရှိပါတယ်။ သို့သော်လည်း ကျွန်တော်တို့ လက်ရှိအနေအထားတော့ ကျွန်တော်တို့ ဒေါ်လာ ပြီးခဲ့တဲ့နှစ်က ဒေါ်လာငါးသိန်း ကျွန်တော်တို့ JMC ကို ရရှိပြီး ဖြစ်ပါတယ်။ နောင်မှာလည်း လှူဒါန်းမယ်လို့ ကတိပြုထားပြီးဖြစ်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ JMC ကိုယ်စား အများကြီး ကျေးဇူးတင်ရှိပါတယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားသည်။

ထို့အတူ JMC-U ဒုတိယဥက္ကဋ္ဌများကလည်း ထိုကဲ့သို့ JMC လုပ်ငန်းများ ဆောင်ရွက်ရန် မော်တော်ယာဉ်များ လှူဒါန်းသည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။ ထို့နောက် တရုတ်သံအမတ်ကြီးနှင့် JMC တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

Most Read

Most Recent