မောင်တောတောင်ပိုင်း သင်္ဘောကွေ့ကျေးရွာ တည်ဆောက်နေခြင်းကို ဖယ်ရှားပေးရန် ညွှန်ကြားသဖြင့် လာရောက်အခြေချသူများ အခက်ကြုံနေ

မောင်တောတောင်ပိုင်း သင်္ဘောကွေ့ကျေးရွာ တည်ဆောက်နေခြင်းကို ဖယ်ရှားပေးရန် ညွှန်ကြားသဖြင့် လာရောက်အခြေချသူများ အခက်ကြုံနေ
Published 6 July 2018

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောတောင်ပိုင်းရှိ သင်္ဘောကွေ့ကျေးရွာ တည်ဆောက်နေခြင်းအား ဖယ်ရှားပေးရန် ညွှန်ကြားလာသဖြင့် လာရောက်အခြေချနေထိုင်သူများ အခက်ကြုံနေကြောင်း သိရသည်။

အဆိုပါ သင်္ဘောကွေ့ကျေးရွာသည့် မောင်တောတောင်ပိုင်း လုံခြုံမှုပိုမိုကောင်းမွန်လာစေရေးအတွက် ရခိုင်ပြည်နယ်အနှံ့အပြားမှ တိုင်းရင်းသားများ လာရောက်နေထိုင်ကြခြင်းဖြစ်ကာ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် လာရောက်အခြေချ နေထိုင်ကြခြင်းဖြစ်ကြောင်းလည်း သိရပြီး လာရောက်နေထိုင်သော အိမ်ခြေ ၄၈ အိမ်ရှိကြောင်းလည်း သိရသည်။ သို့သော်လည်း ယခင်လပိုင်းက စတင်ကာ ထွက်ခွာပေးရန် ညွှန်ကြားချက်များ ရှိလာခဲ့ပြီး ထိုသို့ညွှန်ကြားချက်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားစာပေးပို့ခြင်းဖြစ်ကာ ခုနစ်ရက်အတွင်း ကျေးရွာမှ ဖယ်ရှားပေးရန် ညွှန်ကြားထားကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး သင်္ဘောကွေ့ ကျေးရွာသားတစ်ဦးဖြစ်သူ ဦးထွန်းမြဦးက “ခုနစ်ရက်အတွင်း ဖယ်ရှားပေးရမယ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဆီက စာလာတယ်။ ၃ ရက်နေ့က ရောက်တာပေါ့။ နောက်ဆုံးအကြိမ် သတိပေးခြင်းလို့လည်း ပါတယ်။ မဖယ်ပေးရင် ဥပဒေအရ အရေးယူမယ်လို့လည်း ပါရှိတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ပထမစာနဲ့ တတိယစာကိုသာရတယ်။ ဒုတိယစာ မရောက်ဘူး။ ပထမစာကတည်းက ကျွန်တော်တို့က တရားဝင် နေထိုင်ခွင့်ရရှိရေးအတွက် လမ်းညွှန်မှုပေးဖို့ တင်ပြတောင်းဆိုထားတာ ရှိတယ်။ အကြောင်းမပြန်ဘူး။ ကျွန်တော်တို့ အခုလိုမျိုး လာရောက်နေထိုင်တာကလည်း ရခိုင်ပြည်နယ်လွှတ်တော်မှာ အသိအမှတ်ပြုလိုက်တဲ့ မောင်တောတောင်ပိုင်း လုံခြုံရေးနဲ့ ဌာနေတိုင်းရင်းသားများ ဘဝလုံခြုံရေးအတွက် လာရောက်နေထိုင်ကြတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မောင်တောတောင်ပိုင်းဒေသအတွင်း ဘင်္ဂါလီများအား နေရာချထားရေးအတွက် ခွင့်မပြုသင့်ကြောင်းကို ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ခြင်းများရှိခဲ့ပြီး တိုင်းရင်းသားများ အနေဖြင့် လာရောက်အခြေချ နေထိုင်မှသာ နယ်မြေတည်တံ့ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်များက တင်ပြခဲ့ကြကြောင်း သိရှိရသည်။

“သင်္ဘောကွေ့ရွာကို ရောက်လာသူတွေက ရခိုင်ပြည်နယ် အနှံ့အပြားကပါတယ်။ ဟိုကမိသားစုတစ်စု၊ ဒီကမိသားစုတစ်စု ရောက်လာကြတယ်။ နောက်ပိုင်းမှာ ဒီရွာမှာစုလိုက်ကြတာပေါ့။ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ကို တိုင်းရင်းသား အခွင့်အရေးလေးတော့ ပေးစေချင်ပါတယ်။ လွှတ်တော်က နေပြီးတော့လည်း နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ ဘဝလုံခြုံရေးအတွက် ဘင်္ဂါလီများ ပြန်လည်နေရာချထားခြင်းကို ကန့်ကွက်ကြောင်း အတည်ပြုလိုက်တဲ့အတွက် အခုလိုမျိုး လာရောက်နေထိုင်ကြတာလည်း ဖြစ်တယ်။ ဒါကြောင့် လွတ်လပ်တဲ့နေရာတွေဖြစ်တဲ့နေရာတွေမှာ တိုင်းရင်းသားတွေ လာရောက်အခြေချနေထိုင်တာကို အစိုးရအနေနဲ့ ပေးစေလိုပါတယ်” ဟုလည်း ဦးထွန်းမြဦးက ပြောကြားသည်။

ယင်းနှင့်ပတ်သက်ပြီး ဘူးသီးတောင်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကလည်း “သင်္ဘောကွေ့ရွာမှာ ရခိုင်တိုင်းရင်းသားတွေ နေအိမ်ဆောက်လုပ် နေထိုင်ကြတယ်ဆိုတာကလည်း မောင်တောတောင်ပိုင်းမှာ နိုင်ငံသားမဟုတ်သူတွေကို နေရာချထားဖို့ မသင့်တော်ဘူးဆိုပြီး ပြည်နယ်လွှတ်တော်က အတည်ပြုထားပြီး ဖြစ်ပါတယ်။ အခုလာရောက်နေထိုင်သူတွေဟာ နိုင်ငံသားတွေဖြစ်နေတဲ့အတွက်ကြောင့် နေထိုင်ခွင့်ပြုသင့်တယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ ဘူးသီးတောင် ဂူတာပြင်ကျေးရွာမှာဆိုရင် မီးလောင်ပြင်တွေမှာ ဘင်္ဂါလီတွေက နေအိမ် ၇၆ လုံးကို ဆောက်လုပ်ပြီး လာရောက်နေထိုင်ကြတာ ရှိပါတယ်။ အဲဒါတွေကို အရေးမယူဘဲ ဒီသင်္ဘောကွေ့ရွာမှာရှိတဲ့ တိုင်းရင်းသားတွေကိုသာ အရေးယူမယ်၊ ဖယ်ရှားတယ်ဆိုတာ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ အမှန်တကယ်အားဖြင့်ဆိုရင် ဒီကနေ့ နိုင်ငံတော်အစိုးရဟာ ဥပဒေနဲ့မညီတဲ့ လက်ခံမှုတွေကို တွေ့နေရတယ်။ ဟိုဘက်ကို ရောက်နေသူတွေကိုကျတော့ ကျောပွတ်ပြီးမွေးဖို့ ကြိုးစားတယ်။ တိုင်းရင်းသားတွေကျတော့ နှင်တယ်ဆိုတော့ မသင့်တော်ဘူးလို့မြင်တယ်” ဟုလည်း ပြောကြားသည်။

ထို့ပြင် အဆိုပါသင်္ဘောကွေ့ ကျေးရွာသားများအား ယခုကဲ့သို့ မိုးတွင်းကာလအတွင်း နှင်ထုတ်မည်ဆိုပါက လွန်စွာဒုက္ခဆင်းရဲ ရောက်ကြရမည့် အနေအထားတွင် ရှိကြောင်း၊ ထိုကိစ္စအပေါ် မကြာခင်ကျင်းပမည့် လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြီး အဖြေတစ်ခုရလာနိုင်ကြောင်း ဦးထွန်းအောင်သိန်းက ဆိုသည်။

Most Read

Most Recent