မွန်ပြည်နယ်၌ ယခုနှစ် ခြောက်လအတွင်း မူးယစ်ဆေးဝါးများ ကျပ် ၂၁၃၇ သိန်းကျော်ဖိုး ဖမ်းဆီးရမိ

မွန်ပြည်နယ်၌ ယခုနှစ် ခြောက်လအတွင်း မူးယစ်ဆေးဝါးများ ကျပ် ၂၁၃၇ သိန်းကျော်ဖိုး ဖမ်းဆီးရမိ
Published 6 July 2018

မွန်ပြည်နယ်၌ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၁ ရက်အထိ ခြောက်လတာကာလအတွင်း မူးယစ်ဆေးဝါးများ ၂၁၃၇၃၃၇၇၆ ကျပ်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ခြောက်လအတွင်း မူးယစ်ဆေးဝါး ၁၄၉ မှု ဖမ်းဆီးခဲ့ရာတွင် စိတ်ကြွဆေးပြား ၅၄၇၈၁ ပြား၊ တန်ဖိုးငွေကျပ်၂၇၃၉၀၅၀၀၀၊ ICE ၂၆၇ ဒသမ ၂၂ ဂရမ်၊ တန်ဖိုးငွေကျပ် ၂၁၃၇၇၆၀၀၊ ဆေးခြောက် ၅၃ ဒသမ ၇၆ ဂရမ်၊ တန်ဖိုးငွေကျပ် ၂၆၈၈၀ နှင့် ဘိန်းစာရွက် ၄၈၅၇ ဒသမ ၁၅၅ ဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၏ မူးယစ်ဆေးဝါးဖမ်းဆီးမှု စာရင်းများအရ သိရသည်။

ထို့ပြင် ဖမ်းဆီးရမိခဲ့သည့် မှုးယစ်ဆေးဝါးအမှု အရေအတွက်မှာ စိတ်ကြွဆေးပြား ၁၄၂ မှု၊ ICE သုံးမှု၊ ဆေးခြောက်သုံးမှုနှင့် ဘိန်းစားရွက်တစ်မှုတို့ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခဲ့ရသူများတွင် အမျိုးသား ၂၀၅ ဦးနှင့် အမျိုးသမီး ၂၉ ဦး ပါဝင်ကြောင်း သိရသည်။

“မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်းမှာ (၉.၈.၂၀၁၆) ကနေ (၂.၇.၂၀၁၈) အထိ မူးယစ်ဆေးဝါးစွဲနေတဲ့အတွက် ဆေးဖြတ်ကုသမှုခံရသူ ၆၇ ဦးကို ကုသပေးလျက် ရှိပါတယ်။ အဲဒီအပြင်ကို မူးယစ်ဆေးစွဲနေတဲ့ လူငယ်တွေအတွက် လူငယ်ပြုစုပျိုးထောင်ရေးစခန်း ဖွင့်လှစ်နိုင်ဖို့အတွက်ကို ကျိုက်မရောမြို့နယ်အတွင်းမှာ မြေနေရာရရှိထားပြီး ဖြစ်ပါတယ်” မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး (ဦးစီး) ရဲမှူးမြင့်အေးက ပြောကြားသည်။

မူးယစ်ဆေးဝါး သုံးစွဲနေမှုနှင့်ပတ်သက်၍ တိုးတက်သော မွန်လူငယ်အစည်းအရုံး (MYPO) မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကောက်ယူသည့် သုတေသနစစ်တမ်းအရ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မွန်လူငယ် ၇၃ ရာခိုင်နှုန်းမှာ မူးယစ်ဆေးဝါး သုံးစွဲမှုများ ရှိနေကြောင်း၊ မွန်လူငယ်များအပြင် ပရိယတ္တိစာပေ လေ့လာသင်ယူနေသော ရဟန်းသံဃာ၊ ကိုရင်ငယ်လေးများပါ မူးယစ်ဆေးဝါး သုံးစွဲမှုများကို တွေ့ရှိခဲ့ရကြောင်းကို ဇွန် ၂၆ ရက်က မော်လမြိုင်မြို့ ရာမညဟိုတယ်၌ ပြုလုပ်ခဲ့သည့် နိုင်ငံတကာ မူးယစ်ဆေးဝါးနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ယင်းတိုးတက်သော မွန်လူငယ်အစည်းအရုံး (MYPO) ဒုဥက္ကဋ္ဌဖြစ်သူ မိမရောစွမ်းက ပြောကြားသည်။

Most Recent