ငြိမ်းချမ်းရေးအတွက် မန္တလေးကျုံးဘေး၌ ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့ခြင်းကြောင့် ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် ဗကသအဖွဲ့ဝင်နှစ်ဦးကို အောင်မြေသာစံမြို့နယ်တရားရုံးက ထောင်ဒဏ် သုံးလ ချမှတ်

ငြိမ်းချမ်းရေးအတွက် မန္တလေးကျုံးဘေး၌ ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့ခြင်းကြောင့် ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် ဗကသအဖွဲ့ဝင်နှစ်ဦးကို အောင်မြေသာစံမြို့နယ်တရားရုံးက ထောင်ဒဏ် သုံးလ ချမှတ်
Published 5 July 2018

ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့အား ဇူလိုင်လ ၅ ရက်ရုံးချိန်း၌ တွေ့ရစဉ်

စစ်ပွဲများ ရပ်တန့်ပေးရန်နှင့် ငြိမ်းချမ်းရေးအတွက် မန္တလေးကျုံးဘေးတွင် ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့ခြင်းကြောင့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဗကသအဖွဲ့ဝင် နှစ်ဦးဖြစ်သည့် ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့ကို ယနေ့ (ဇူလိုင် ၅ ရက်) က အောင်မြေသာစံမြို့နယ် တရားရုံး၌ ကိုးကြိမ်မြောက် ရုံးထုတ်ခဲ့ပြီးနောက် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးအတွက် မန္တလေးကျုံးနံဘေးတွင် ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့မှုကြောင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် ဗကသအဖွဲ့ဝင်နှစ်ဦးအမှုကို ဇူလိုင် ၅ ရက် နံနက်ပိုင်းက အောင်မြေသာစံမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်။ အဆိုပါ အမိန့်ချမှတ်မည့် ရုံးချိန်းသို့ မိသားစုဝင်များ၊ ဗကသအဖွဲ့ဝင်များ အပါအဝင် အမှုအားစိတ်ပါဝင်စားသူများ လာရောက် နားထောင်ခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၂၁ ရက် ရုံးချိန်းက အမှုနှင့်ပတ်သက်၍ နောက်ဆုံးကျန်ရှိနေသည့် တရားလိုပြသက်သေ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို စစ်ဆေးခဲ့ပြီးနောက် စွပ်စွဲခံထားရသူ နှစ်ဦးတို့ကို တွဲဖက်မြို့နယ်တရားသူကြီးက ဆက်လက် စစ်ဆေးခဲ့ပြီး အမှုကို အပြီးသတ် အမိန့်ချမှတ်ရန်အတွက် ဇွန် ၂၇ ရက်သို့ ထပ်မံ ချန်းဆိုခဲ့သော်လည်း အမှုကို အပြီးသတ်လျှောက်လဲချက် ကြားနာမှုသာပြုလုပ်ခဲ့ပြီး ဇူလိုင် ၅ ရက်သို့ အပြီးသတ် အမိန့်ချမှတ်ရန်အတွက် တရားသူကြီးက ရုံးချိန်းဆက်လက် ချိန်းဆိုခဲ့ကာ ယခုရုံးချိန်း၌ မြို့နယ်တရားရုံးက ထောင်ဒဏ် သုံးလ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent