<

သက်ငယ်မုဒိမ်း ကျူးလွန်သူများကို သေဒဏ်ပေးရေး အထူးဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန် တိုက်တွန်းကြောင်းအဆို လွှတ်တော်၌ ရှုံးနိမ့်ခဲ့သော်လည်း သက်ငယ်မုဒိမ်းမှု ပေါများနေသည့်အတွက် ကျူးလွန်သူများအား သေဒဏ်ပေးရေး လှုပ်ရှားမှုများ ဆက်လက် ပြုလုပ်မည်ဟုဆို

သက်ငယ်မုဒိမ်း ကျူးလွန်သူများကို သေဒဏ်ပေးရေး အထူးဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန် တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော်တွင် ရှုံးနိမ့်ပြီး မှတ်တမ်းအဖြစ်သာ ထားရှိခဲ့သော်လည်း သက်ငယ်မုဒိမ်းမှု များပေါများနေသည့်အတွက် ကျူးလွန်သူများအား သေဒဏ်ပေးရေး လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း 4 Woman’s Voice အဖွဲ့မှ သိရသည်။

ပြီးခဲ့သည့် ဇွန် ၁၈ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ၁၆ ရက်မြောက်တွင် ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တစ်နေ့တခြား များပြားလာပြီး ထိန်လန့်ဖွယ်ရာအဆင့် ရောက်ရှိနေသော သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်စွာ ဟန့်တားနိုင်ရန် အထူးဥပဒေတစ်ရပ် အမြန်ရေးဆွဲကာ ထိုဥပဒေတွင် ပြစ်မှု ပြစ်ဒဏ်အပိုင်းကို သေဒဏ် ချမှတ်သည်အထိ တိတိကျကျ ရေးဆွဲပြဋ္ဌာန်းပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ပြီး အဆုံးအဖြတ် ရယူရာတွင် ရှုံးနိမ့်ကာ မှတ်တမ်းအဖြစ်သာ ထားရှိခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့ ဒီကိစ္စကို FDA ကလေးမလေး စဖြစ်ကတည်းက ဒီဟာကို စလှုပ်ရှားခဲ့တယ်ပေါ့။ လှုပ်ရှားခဲ့တဲ့ နေရာမှာ ကျွန်မတို့ရဲ့သွားပုံသွားနည်းကတော့ လူထုရဲ့ လက်မှတ်ကို ကောက်ခံပြီးတော့မှ လူထုအနေနဲ့ သွားချင်တာပေါ့နော်။ ဘယ်လွှတ်တော် ကိုယ်စားလှယ်မှ မပါဘဲနဲ့။ ဒါပေမဲ့ အဲဒီကိစ္စကို လက်မခံနိုင်ကြတဲ့ လူထုတစ်ရပ်ကလည်း လှုပ်ရှားတယ်ပေါ့။ လှုပ်ရှားကြတဲ့နေရာမှာ ကျွန်မတို့က သက်ငယ်မုဒိမ်း သေဒဏ်ပေးရေးဘက်ကို သွားတယ်။ သူတို့က သက်ငယ်မုဒိမ်း ကြီးလေးသော ပြစ်ဒဏ်ပေးရေးကို သွားတယ်။ အဲဒီတော့ ကျွန်မတို့က စပြီးလှုပ်ရှားစနဲ့ လှုပ်ရှားနေစဉ်အတွင်းမှာ ၀ိဝါဒတွေ ကွဲပြားသွားကြတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့လှုပ်ရှားမှု ဘာမှမဖြစ်ခင်မှာပဲ လွှတ်တော်ထဲမှာ ဒီကိစ္စဖြစ်သွားတယ်ပေါ့။ ဖြစ်တဲ့အချိန်မှာ ကျွန်မတို့က လူထုလက်မှတ်နဲ့
တောင်းဆိုမယ့်ကိစ္စက ခဏစောင့်လိုက်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ထဲမှာ ဒီလိုမျိုးတွေ ဆွေးနွေးနေပြီဆိုရင်လည်း ကျွန်မတို့လိုချင်တဲ့ အဖြေရခဲ့ရင်လည်း ဘာမှဆက်လုပ်စရာ မလိုဘူး။ ကျေနပ်လောက်တဲ့ အဖြေမဟုတ်ဘူး ဆိုရင်လည်း ဘာဆက်လုပ်မယ်ဆိုတဲ့ Plan တော့ ထားလိုက်တယ်ပေါ့နော်။ ဒီဟာကတော့ ကျွန်မတို့ ကျေနပ်တဲ့ အကြောင်းတရားတော့ မဟုတ်ဘူးပေါ့။ ကျွန်မတို့နိုင်ငံမှာ သက်ငယ်မုဒိမ်းတွေက အရမ်းကို များပြားနေတဲ့အချိန်မှာ ဒီလိုမျိုး သိမ်းဆည်းထားလိုက်ရုံပဲ ဆိုတာက ကျူးလွန်သူကို ကာကွယ်ချင်တာလား။ ကျူးလွန်ခံရတဲ့ ကလေးတွေကို ဥပေက္ခာပြုချင်တာလား။ အဲဒီတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့က ထဲထဲဝင်ဝင် ပြန်လုပ်မယ်။ ထဲထဲဝင်ဝင် ပြန်လုပ်ပြီးတော့ ဆက်ပြီးတော့ လှုပ်ရှားမယ်ပေါ့နော်”ဟု 4 Woman’s Voice အဖွဲ့မှ မလီလီနိုင်ကျော်က ပြောကြားသည်။

ကလေးသူငယ်နှင့် မသန်စွမ်းသူ အမျိုးသမီးကို မုဒိမ်းမှု ကျူးလွန်ပါက ထောင်ဒဏ် အနည်းဆုံးနှစ် ၂၀ မှ သေဆုံးသည်အထိ အကျဉ်းထောင်အတွင်း ပြစ်ဒဏ် ကျခံရမည့်ပုဒ်မ ပါဝင်သော ဥပဒေမှုကြမ်းများ ရေးဆွဲနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်က ဇွန် ၁၈ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

“လူတွေ မသိကြသေးတဲ့ သက်ငယ်မုဒိမ်းတွေ အများကြီးပါပဲ။ ကျွန်မက မြေပြင်ပေါ်မှာ ဆင်းပြီးတော့ ကိုယ်ဝန်ဆောင်သည်တွေကို စောင့်ရှောက်တဲ့ လုပ်ငန်းက လုပ်နေတော့။ မြေပြင်ကို ဆင်းတဲ့အချိန်မှာ အခြေခံလူတန်းစားတွေမှာ တော်တော်လေးကိုပဲ ဒီလိုပြဿနာတွေဟာ လူမသိသူမသိ ဖြစ်နေတဲ့ဟာတွေက အများကြီးဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ ကျွန်မတို့က ဒါကို သေသေချာချာ တောင်းဆိုနေတာပါ။ တရားရုံး မရောက်လိုက်တဲ့ဟာတွေ အများကြီးပါ” ဟု မလီလီနိုင်ကျော်က ဆိုသည်။

လက်ရှိတွင် မုဒိမ်းကျင့် လူသတ်မှုနှင့် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား သေဒဏ် ပေးရန် 4 Woman’s Voice အဖွဲ့ လက်မှတ်ကောက်ခံမှုတွင် လက်မှတ် ရှစ်သောင်းကျော် ရရှိထားကြောင်း သိရပြီး လက်မှတ် သုံးသိန်းပြည့်သည်အထိ ကောက်ခံမည် ဖြစ်ကြောင်း၊ လက်မှတ် သုံးသိန်းဆိုပါ က ပြည်သူ့ ဆန္ဒကို အလေးထားပေးမည်ဟု မျှော်လင့်ကြောင်း မလီလီနိုင်ကျော်က ဆက်လက် ပြောကြားသည်။

July 5, 2018














Copy Protected by Chetan's WP-Copyprotect.