<

ဘူးသီးတောင်မြို့နယ် မယူမြစ်အတွင်း လှေတစ်စင်းပေါ်မှ ကျပ်သိန်းပေါင်း သုံးသောင်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၆ သိန်းနီးပါး ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများအား တာဝန်ရှိသူများက စစ်ဆေးနေစဉ် (ဓာတ်ပုံ-ရဲဇာနည်)

ဘူးသီးတောင်မြို့နယ် မယူမြစ်အတွင်း လှေတစ်စင်းပေါ်မှ သိန်းပေါင်း သုံးသောင်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၆ သိန်းနီးပါးအား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၄ ရက် နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာရဲစခန်း အနောက်မြောက်ဘက် ရှစ်မိုင်ခန့်အကွာ မေယုမြစ်အတွင်း လုံခြုံရေးတပ်ဖွဲ့မှ မြစ်ကြောင်းစိုးမိုးရေး လှည့်ကင်း ဆောင်ရွက်နေစဉ် နံနက် ၉ နာရီ မိနစ် ၅၀ တွင် ဘူးသီးတောင်မြို့နယ် ဦးကျော် (ခ) သာစည်အုပ်စု၊ လိုင်ရှည်ပြင်ကျေးရွာအ၀င် ချောင်းကွေ့အစပ်အနီးရှိ လမုတောအရောက်တွင် အင်ဂျင်စက် ဖြုတ်ထားသော လောင်းလှေ တစ်စင်းပေါ်တွင် ဆာလာအိတ်များအား မိုးကာဖြင့် အုပ်ထားသည်ကို မသင်္ကာဖွယ် တွေ့ရှိခဲ့ရပြီး သက်သေများနှင့်အတူ ကြည့်ရှုစစ်ဆေးရာ လောင်းလှေပေါ်ရှိ ဆာလာအိတ် (ပီနံအိတ်) ၁၁ အိတ်အတွင်းမှ WY နှင့် R စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား အပြာရောင် ကပ်ခွာအိတ် အထုတ်သေး တစ်ထုပ်တွင် ၁၉၅ ပြားစီ ထည့်လျက် အထုတ်သေး ၅၀ ထုပ်ပါ ပါကင်ထုပ် ၁၆၄ ထုပ် စုစုပေါင်း စိတ်ကြွဆေးပြား ၁၅၉၉၀၀၀ (တန်ဖိုး ၃၁၉၈၀၀၀၀၀၀ ကျပ်) အားပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ညောင်ချောင်း နယ်မြေရဲစခန်းက မယ (ပ)၃/၂၀၁၈ ၊မူး/စိတ် ဥပဒေပုဒ်မ ၁၉(က) အရ အမှုဖွင့် ဆောင်ရွက်ထားပြီး သယ်ဆောင်လာသူများအား နယ်မြေ (၁၀) ညောင်ချောင်း ရဲစခန်းမှ စုံစမ်းလျက်ရှိကြောင်း သိရသည်။

ဇွန် ၁၉ ရက်ကလည်း မောင်တောမြို့နယ် နတ်မြစ်အတွင်း စံပယ်ပင်းရင်းချောင်းအနီးတွင် လှေတစ်စင်းပ်ါရှိ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

July 5, 2018














Copy Protected by Chetan's WP-Copyprotect.