ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူခြင်းကိစ္စ ပါတီက ညွှန်ကြားထားခြင်းမရှိဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူခြင်းကိစ္စ ပါတီက ညွှန်ကြားထားခြင်းမရှိဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 5 July 2018

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူခြင်းကိစ္စသည် ပါတီကညွှန်ကြားထားခြင်းမရှိဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဇူလိုင် ၄ ရက်တွင် ပြောကြားသည်။

ကယားပြည်နယ်၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူခြင်းနှင့် ပတ်သက်၍ ပြည်နယ်အစိုးရနှင့် ဒေသခံပြည်သူများအကြား အဆိုပါကိစ္စအပေါ် အငြင်းပွားနေခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းမှုပေါ် ဒေါက်တာမျိုးညွန့်က ထိုသို့ပြောကြားခြင်းဖြစ်သည်။

“ကျွန်တော်တို့က ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းနှင့် ပတ်သက်ပြီးတော့ ပါဝင်လုပ်ဆောင်ရမယ်။ ဦးဆောင်ပြီး လုပ်ကိုင်ရမယ်။ ကျွန်တော်တို့ ဒီဟာကို တစ်စုံတစ်ရာ ညွှန်ကြားထားတာ လုံးဝမရှိပါဘူး။ ကျွန်တော်တို့ ပါတီအနေနဲ့။ အကယ်၍ ဒေသတစ်ခုက ပြည်သူတွေက မိမိတို့ဆန္ဒအရ အမျိုးသားခေါင်းဆောင်ကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ နောင်လာနောက်သားများအတွက် သူတို့စိုက်ထူချင်တယ်ဆိုရင် သူတို့ရဲ့ဆန္ဒအရ သူတို့ကိုယ်ပိုင်စိုက်ထုတ်ရန်ပုံငွေနဲ့ သူတို့ပါဝင်တဲ့ ဒေသခံအဖွဲ့အစည်းတစ်ခု ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးအဖွဲ့တစ်ခု ဖွဲ့ပြီးတော့ လုပ်ဆောင်ခြင်းပဲ ဖြစ်ရမှာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို လွိုင်ကော်မြို့ရှိ ကန္ဒဟေဝန်ပန်းခြံတွင် စိုက်ထူရန် ပြည်နယ်အစိုးရအဖွဲ့က လုပ်ဆောင်နေခြင်းဖြစ်သည်။

ယင်းကဲ့သို့ ပြုလုပ်ရာတွင် ဒေသခံပြည်သူများ၏ ဆန္ဒနှင့်အညီ ပြုလုပ်ရမည်ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ဆိုသည်။

“ကျွန်တော်တို့ သက်ဆိုင်ရာဒေသမှာရှိတဲ့ ပါတီဝင်များကတော့ ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုဖြစ်တဲ့အတွက် ပူးပေါင်းပါဝင်တာမှာ ဘာမှကန့်ကွက်စရာ မရှိပါဘူး။ အဓိကကတော့ ဒေသခံပြည်သူများရဲ့ဆန္ဒနဲ့လုပ်တာ ဖြစ်ရမယ်။ ဒေသခံပြည်သူများ၏ ထည့်ငွေနဲ့ပဲ ဖြစ်ရပါမယ်။ ပါတီကသော်လည်းကောင်း၊ အခြားအာဏာပိုင် အဖွဲ့အစည်းကသော်လည်းကောင်း တွန်းအားပေး တိုက်တွန်းပြုလုပ်ခြင်း ဒါမျိုးမရှိရပါဘူး” ဟု ၎င်းက ပြောကြားသည်။

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခြင်းနှင့် ပတ်သက်၍ ဒေသခံပြည်သူများက သဘောမတူကြောင်း ပြောကြားရာတွင် မည်သည့်အရာကို သဘောမတူသနည်းဟု ပြည်သူများအား မေးမြန်းရမည်ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ ဘာကိုသဘောမတူတာလဲ ဆိုတာကိုတော့ မေးရမှာပါ။ ဗိုလ်ချုပ်က ကျွန်တော်တို့ မြန်မာတစ်မျိုးသားလုံး ပိုင်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ တိုင်းရင်းသားအားလုံး ပိုင်တာပါ။ ပြည်နယ်တိုင်းရင်းသားများ တောင်းဆိုနေတဲ့ ကျွန်တော်တို့ ဖက်ဒရယ်မူ၊ ပြည်ထောင်စုမူဟာ ဗိုလ်ချုပ်ဦးဆောင်ပြီး ရေးဆွဲခဲ့တဲ့ ပင်လုံစာချုပ်ကနေ ပေါက်ဖွားလာတာပါ။ အဲဒီတော့ တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင်တဲ့ ကျွန်တော်တို့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို အကယ်၍ ဒေသခံပြည်သူအချို့က မိမိတို့ရဲ့ စိုက်ထုတ်ငွေနဲ့ အမှတ်တရ စိုက်ထူခြင်းဟာ တိုင်းရင်းသားအရေးကိုရော ဒေသခံပြည်သူများရဲ့ စိတ်ဓာတ်ကိုရော ဘယ်လိုမှထိခိုက်စရာ အကြောင်းမရှိပါဘူး။ မိမိတို့ကိုယ်တိုင် အကယ်၍ အခြားသော မိမိတို့ တိုင်းရင်းသားခေါင်းဆောင်တွေ ရုပ်တုကို စိုက်ထူမယ်ဆိုရင် ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ ဒီလုပ်ထုံးလုပ်နည်းတွေအရ သက်ဆိုင်ရာ အာဏာပိုင်တွေထံ တင်ပြပြီးတော့ ကျွန်တော်တို့ စိုက်ထူခွင့်ရှိပါတယ်။ ဒါပေမဲ့ ဒေသခံပြည်သူကပေါ့။ ဒီဗိုလ်ချုပ်ကြေးရုပ်က ငွေလေး သိန်းဆယ်ဂဏန်းနဲ့ မပြီးပါဘူး။ ရာဂဏန်းနဲ့ချီပြီးတော့ လုပ်ရပါတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ မြေနေရာ ခွင့်ပြုချက် တောင်းရပါတယ်။ တစ်ခါတစ်ခါ ကျွန်တော်တို့ရုပ်တုကိုပါ သူတို့က ပုံစံကိုပါ တင်ပြရပါတယ်။ အဲဒီလို အဆင့်ဆင့်တင်ပြပြီး မိမိရဲ့ငွေကြေးစိုက်ထုတ်မှု၊ ရုပ်တုကိုလည်း ပြုလုပ်ပြီးတဲ့အခါကျမှ စိုက်ထူခြင်းကို ကန့်ကွက်မယ်ဆိုရင်တော့ ဒါမသင့်တော်ဘူးလို့ ထင်တယ်” ဟု ဒေါက်တာ မျိုးညွန့်က ပြောကြားသည်။

မိမိတို့အနေဖြင့် ကန့်ကွက်ရခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကို မလေးစား၍ မဟုတ်ကြောင်း၊ ကရင်နီ(ကယား) ပြည်နယ်သည် အင်္ဂလိပ်ကိုလိုနီလက်အောက်သို့ မကျရောက်ခဲ့ကြောင်း၊ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များအကြား ချုပ်ဆိုသည့် ပင်လုံစာချုပ်တွင် ကရင်နီပြည်နယ်အနေဖြင့် မပါဝင်ကြောင်း၊ ဧည့်သည်တော်အဖြစ်သာ ကရင်နီပြည်နယ် ခေါင်းဆောင်များကို ဗိုလ်ချုပ်က ဖိတ်ကြားခဲ့ကြောင်းနှင့် လက်ရှိနိုင်ငံရေး အခြေအနေများအရ ကန့်ကွက်ခြင်းဖြစ်ကြောင်း ကရင်နီပြည်လူငယ်များသမဂ္ဂ ဗဟိုကော်မတီဝင် ကိုဥတ္တရာအောင်က ပြောကြားသည်။

“ကျွန်တော်တို့က အခုအချိန်မှာ မလုပ်စေချင်ဘူး။ အခုအချိန်မှာ ငြိမ်းချမ်းရေးကိစ္စတွေ၊ ကျန်တဲ့ဖွံ့ဖြိုးရေးကိစ္စတွေ အများကြီးရှိတယ်။ ဒီသိန်း ၈၀၀၀ လောက် ကုန်ကျမယ့် ငွေကြေးတွေကို ကျွန်တော်တို့က ပြည်နယ်တွေမှာ စာသင်ကျောင်းတွေ၊ ပညာရေးစနစ်တွေမှာ သွားပြီးအကုန်ကျခံ။ အားလုံး ကျွန်တော်တို့ ငြိမ်းချမ်းမယ့်တစ်နေ့ ဖက်ဒရယ်တွေ၊ ဘာတွေ ကျွန်တော်တို့ တိုင်းရင်းသားရော အစိုးရနဲ့ရော အားလုံးပြေလည်သွားမယ့် တစ်နေ့မှာ ဒီလိုမျိုးဗိုလ်ချုပ်ကြေးရုပ်ကို တိုင်ပင်ပြီး ကျွန်တော်တို့ လုပ်လို့ရပါတယ်” ဟု ကိုဥတ္တရာအောင်က ပြောကြားသည်။

ဗိုလ်ချုပ်ရုပ်တုစိုက်ထူခြင်းကို ကန့်ကွက်သည့် အနေဖြင့် ဒေသခံပြည်သူများက ဇူလိုင် ၃ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့အတွင်း လှည့်လှည်ဆန္ဒထုတ်ဖော်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။

လွိုင်ကော်မြို့ရှိ ကန္ဒဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူခြင်းကို ကန့်ကွက်ကြောင်း နှိုးဆော်စာ ဖြန့်ဝေခဲ့ခြင်းအတွက် ကယန်းတိုင်းရင်းသား လူငယ် ၁၀ ဦးကို အစိုးရက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)၊ ၅၀၅(ဂ) တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

Most Read

Most Recent