ရန်ကုန်ဆိပ်ကမ်းများမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ ဒီဇယ်၊ ဓာတ်ဆီနှင့် လေယာဉ်ဆီ အပါအဝင် စုစုပေါင်းစက်သုံးဆီ တန်ချိန်ငါးသန်းကျော်အား သင်္ဘောစင်းရေ ၄၂၄ စင်းဖြင့် တင်သွင်းခဲ့

ရန်ကုန်ဆိပ်ကမ်းများမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ ဒီဇယ်၊ ဓာတ်ဆီနှင့် လေယာဉ်ဆီ အပါအဝင် စုစုပေါင်းစက်သုံးဆီ တန်ချိန်ငါးသန်းကျော်အား သင်္ဘောစင်းရေ ၄၂၄ စင်းဖြင့် တင်သွင်းခဲ့
Published 5 July 2018

ရန်ကုန်မြို့ ကုန်းတွင်းဆိပ်ကမ်းတစ်ခုဖြစ်သည့် အေးရှားဝေါလ်ဆိပ်ကမ်းအား တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်ဆိပ်ကမ်းများမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ ဒီဇယ်၊ ဓာတ်ဆီနှင့် လေယာဉ်ဆီ အပါအဝင် စုစုပေါင်း စက်သုံးဆီတန်ချိန် ငါးသန်းကျော်အား သင်္ဘောစင်းရေ ၄၂၄ စင်းဖြင့် တင်သွင်းခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိပါသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ ရန်ကုန်ဆိပ်ကမ်းများဖြစ်သည့် သီလဝါနှင့် ကုန်းတွင်းဆိပ်ကမ်းများသို့ စက်သုံးဆီတင်သင်္ဘော ၄၂၄ စင်းဖြင့် ဒီဇယ်၊ ဓာတ်ဆီနှင့် လေယာဉ်ဆီ အပါအဝင် စက်သုံးဆီတန်ချိန် ၅၆၄၂၀၂၂ တန်အား တင်သွင်းခဲ့ခြင်း ဖြစ်သည်။

စက်သုံးဆီတင်သွင်းမှုမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ သင်္ဘောအစင်းရေ ၄၆၈ စင်းဖြင့် စက်သုံးဆီတန်ချိန် ၅၄၄၂၉၀၉ သန်းအား ရန်ကုန်ဆိပ်ကမ်းများမှ တင်သွင်းခဲ့ကြောင်း သိရသည်။ သို့ဖြစ်၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ စက်သုံးဆီတင်သွင်းမှာ တန်ချိန်နှစ်သိန်းကျော် ပိုမိုတင်သွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

“ဒီဇယ်၊ ဓာတ်ဆီနဲ့ လေယာဉ်ဆီ အပါအဝင် စုစုပေါင်းစက်သုံးဆီတန်ချိန် ငါးသန်းကျော်အား သင်္ဘောစင်းရေ ၄၂၄ စင်းနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ တင်သွင်းခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် စက်သုံးဆီ တန်ချိန်နှစ်သိန်းကျော် ပိုမိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဒုတိယအထွေထွေမန်နေဂျာ ဒေါက်တာ မျိုးငြိမ်းအေးက ပြောကြားသည်။

၂၀၁၇ ဧပြီလ၌ သင်္ဘောအစင်းရေ ၂၉ စင်းဖြင့် ၃၄၉၂၄၄တန်၊ မေလ၌ သင်္ဘောအစင်းရေ ၄၃ စင်းဖြင့် ၅၂၇၀၁၀ တန်၊ ဇွန်လ၌ သင်္ဘောအစင်းရေ ၃၇ စင်းဖြင့် ၄၃၅၅၆၇ တန်၊ ဇူလိုင်လ၌ သင်္ဘောအစင်းရေ ၃၃ စင်းဖြင့် ၄၃၆၁၇၂တန်၊ သြဂုတ်လ၌ သင်္ဘောအစင်းရေ ၂၀ ဖြင့် ၂၄၉၄၂၁ တန်၊ စက်တင်ဘာလ၌ သင်္ဘောအစင်းရေ ၂၇ စင်းဖြင့် ၃၃၁၂၅၀ တန်၊ အောက်တိုဘာလ၌ သင်္ဘောအစင်းရေ ၃၅ စင်းဖြင့် ၅၁၀၇၃၆ တန်၊ နိုဝင်ဘာလ၌ သင်္ဘောအစင်းရေ ၃၃ စင်းဖြင့် ၄၆၉၇၃၇ တန်၊ ဒီဇင်ဘာလ၌ သင်္ဘောအစင်းရေ ၄၃ ဖြင့် ၅၈၈၁၆၆ တန်၊ ၂၀၁၈ ဇန်နဝါရီလ၌ သင်္ဘောအစင်းရေ ၄၃ စင်းဖြင့် ၆၁၆၀၇၆ တန်၊ ၂၀၁၈ ဖေဖော်ဝါရီလ၌ ၅၆၇၁၉၅ တန်နှင့် ၂၀၁၈ မတ်လ၌ သင်္ဘောအစင်းရေ ၄၁ ဖြင့် ၅၆၁၄၄၈ တန် စုစုပေါင်း စက်သုံးဆီတန်ချိန် ၅၆၄၂၀၂၂ တန်အား တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်နှင့် သီလဝါဆိပ်ကမ်းများတွင် စက်သုံးဆီတင်သင်္ဘောများ အများဆုံးဆိုက်ကပ်သည့် စက်သုံးဆီတင်ချ ဆိပ်ခံတံတားများမှာ မြတ်မေတ္တာမွန်၊ MPE၊ APEX၊ PUMA၊ Green Asia၊ OEA/NEA ဆိပ်ကမ်းများဖြစ်ကြောင်း သိရသည်။